နယ်စပ်ပဋိပက္ခနှင့် လက်နက်မှောင်ခိုမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ စစ်ဘက်ခေါင်းဆောင်များ ဆွေးနွေး

By MPM 20 ဩဂုတ်, 2026 👁 147

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) တွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

ဩဂုတ်လ ၁၉ ရက်တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦးသည် ထိုင်းကာကွယ်ရေးဝန်ကြီး Lieutenant General Adul Boonthamcharoen နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha တို့နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်ဘက်မှ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်စပ်တစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များထံ စီးဝင်နေသည့် လက်နက်လမ်းကြောင်းများကို ဖြတ်တောက်ပေးရန် အဓိကထား ဆွေးနွေးခဲ့သည်။

အားလားတူ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ သွားရောက်ခဲ့သည် ထိုင်းခရီးစဉ်အတွင်း နယ်စပ်ကတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များထံ စီးဝင်နေသည့် လက်နက်လမ်းကြောင်းကို ဖြတ်တောက်ပေးရန် ထိုင်းဝန်ကြီးချုပ် အနုတင်အား တောင်းဆိုခဲ့သည်။

အဆိုပါ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်းမှာ နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာ ထိုင်နိုင်ငံသို့ ရောက်ရှိလာသော ဗိုလ်ချုပ်ကြီး ရဲဝင်ဦးက ယခုကဲ့သို့ ထပ်မံပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းကာကွယ်ရေးဝန်ကြီးကလည်း ထိုင်း-မြန်မာနယ်စပ်ကို ဘေးကင်းလုံခြုံသော “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်” ဖြစ်လာစေရန် ရည်ရွယ်ကာ နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေးတွင် ထိုင်းနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) နှင့် ပတ်သက်၍ မြန်မာဘက်မှ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်စပ်ရှိ ကျောက်ခက်နှင့် ရွှေကုက္ကိုလ်ဒေသများမှ အဆောက်အအုံများကို ဖြိုချဖျက်ဆီးနေမှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နေမှုကို တင်ပြခဲ့သည်။

ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် လက်နက်မှောင်ခိုမှုများကို နယ်စပ်ဖြတ်ကျော်မှုခင်းများအဖြစ် နှစ်နိုင်ငံပူးပေါင်း နှိမ်နင်းသွားရန် သဘောတူညီခဲ့ကြသည်။

နယ်စပ်တစ်လျှောက် တိုက်ပွဲများကြောင့် ရပ်တန့်နေသည့် ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် နယ်စပ်ဂိတ်များကို သင့်တော်သလို ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်း ရင်ဆိုင်နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာကို ပူးပေါင်းဖြေရှင်းသွားရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြန်လည်ပါဝင်လာနိုင်စေရန် “အဆင့်လိုက် ထိတွေ့ဆက်ဆံမှု” (Step-by-step engagement) များမှတစ်ဆင့် ကူညီပံ့ပိုးပေးသွားမည်ဟု ကတိပြုခဲ့သည်။

ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ရခိုင်ပြည်နယ် သံတွဲ၌ ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၃ နှစ်အကြာတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်မှ ဘန်ကောက်၌ ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့်