သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းတို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ပြီး နမ္မတူမြို့နယ် ဆိုင်းခေါင် ၊ မန်စံကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ အုပ်စု၊ ပါချမ် ကျေးရွာအုပ်စုတို့တွင် ရှိသည့် အခြေခံပညာရေးကျောင်းများကို PSLF/TNLA က ပိတ်ခိုင်းကြောင်း ဒေသခံများက ပြောသည်။
“တချို့ ရွာကိုတော့ လူကိုယ်တိုင် သွားပြောတာရှိတယ်။ တချို့ရွာကိုတော့ ဖုန်းဆက်ပြီးပြောတာလည်း ရှိတယ်။ ၉ ရက်နေ့ကနေ စပြီး ကျောင်းတွေကို ပိတ်ပေးရမယ်တဲ့။ စစ်ကောင်စီကခန့်တဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းဖွင့်လို့ မရဘူး၊ စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးစနစ်ကို လက်မခံလို့ ပိတ်ခိုင်းတာလို့ ပြောတယ်” ဟု နမ္မတူမြို့နယ်အတွင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
PSLF/TNLA တပ်ဖွဲ့သည် ဖုန်းမှတစ်ဆင့် ကျေးရွာအုပ်စုအသီးသီး၏ သက်ဆိုင်ရာ ရွာလူကြီး / ရွာအုပ်ချုပ်ရေးမှူး ထံသို့ ဖုန်းဆက် အကြောင်းကြားကာ ကျောင်းကို ပိတ်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။
TNLA တပ်ဖွဲ့မှ ပိတ်ခိုင်းသည့် စာသင်ကျောင်းများတွင် ဆိုင်းခေါင်ကျေးရွာအုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း၊ မန်စံကျေးရွာ အုပ်စုမှ အလယ်တန်းကျောင်း ၁ ကျောင်း ၊ ပါချန်ကျေးရွာ အုပ်စုမှ မူလတန်းကျောင်း ၁ ကျောင်း နှင့် နားဆိုင်းကျေးရွာအုပ်စု မှ အထက်တန်းကျောင်း ၁ ကျောင်းတို့ ဖြစ်ကြကြောင်းလည်း ဒေသခံများက ပြောသည်။
“ကျောင်းတွေ ဖွင့်လာတာ တစ်ပတ်တောင် မပြည့်သေးဘူး။ သူတို့က ပိတ်ခိုင်းတယ်။ ကျောင်းပိတ်ရရင် ကလေးတွေလည်း စာသင်ခွင့် ဆုံးရှုံးမှာပေါ့၊ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ကျောင်းပြောင်းပြီး ထားနိုင်ပေမယ့် မတတ်နိုင်တဲ့ ကလေးတွေကျတော့ ရွာကကျောင်းတွေကိုပဲ အားကိုးရမှာပဲ။ ဒါပေမယ့် အခုလို ကျောင်းကို ပိတ်ခိုင်းတော့ ကလေးတွေ နစ်နာတာပေါ့နော်” ဟု အသက် ၅၀ ဝန်းကျင် ကျောင်းသားဖခင်တစ်ဦးက ပြောသည်။
စာသင်ကျောင်း ပိတ်ခိုင်းမှုကြောင့် ဒေသအတွင်းမှ စာသင်သည့်အရွယ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ နီးပါး စာသင်ခွင့် ဆုံးရှုံးရကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ နမ္မတူမြို့နယ်အတွင်းက စာသင်ကျောင်းများကို ပိတ်ခိုင်းခြင်းနှင့် ပတ်သက်ပြီး PSLF / TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် နှင့် ပြန်ကြာရေး ဌာနများသို့ ဆက်သွယ်သော်လည်း ဆက်သွယ်လို့ မရခဲ့ပါ။
သျှမ်းသံတော်ဆင့် ပေးပို့သည်။