ရခိုင်ပြည်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး ဗျူဟာစခန်းအနီးတွင် စစ်ကောင်စီကလွှတ်တင်ထားသည့် အသေခံဒရုန်းနှင့် ကင်းထောက်ဒရုန်း အချို့ကို အာရက္ခတပ်တော် (AA) က ထပ်မံပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ပဒါန်းရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) နှင့် ဆုံကုန်းအမြောက်တပ်က လွှတ်တင် လိုက်သည့် အသေခံဒရုန်း ၃ စင်းနှင့် ကင်းထောက်ဒရုန်း ၂ စင်းကို ဧပြီ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် AA က ထပ်မံပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စစ်ကောင်စီဘက်က ကင်းထောက်ဒရုန်း အရင်လွှတ်တယ်။ ပြီးမှ အသေခံဒရုန်းနဲ့ ဗုံးလာကြဲတာ။ တိုက်ပွဲက ရပ်ထားပေမယ့် စစ်ကောင်စီဘက်က အမြဲဒီလိုလာပစ်နေတာ။ နတ်ရေကန်ဘက်ကိုလာတဲ့ အသေခံ ဒရုန်းသုံးစင်းနဲ့ ကင်းထောက်ဒရုန်း နှစ်စင်းကိုတော့ ပစ်ချနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကလည်း နတ်ရေကန်စခန်းတိုက်ပွဲသို့ ပစ်ကူရန်လာသည့် စစ်ကောင်စီ၏ အသေခံဒရုန်း ၂ စင်းအား AA က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
နတ်ရေကန်စခန်းတွင် တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းအပြင် AA ရှိသည်ဟု ယူဆသည့် နေရာများကို ကင်းထောက်ဒရုန်းဖြင့် ထောက်လှမ်းခြင်းများ ပြုလုပ်လျက်ရှိသည်ဟု အမ်းဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
“သူတို့ဘက်က လက်နက်ပစ်တာ၊ ရန်စတာတွေ လုပ်တယ်။ လက်နက်ပစ်တာတော့ အမြဲတမ်းရှိတယ်။ ဆုံကုန်းအမြောက်တပ်နဲ့ ကပစကနေ ဟောင်ဝှစ်စာတို့၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်တယ်” ဟု ၎င်းက ပြောသည်။
နတ်ရေကန်ဗျူဟာစခန်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို အာရက္ခတပ်တော် (AA) က မတ်လအတွင်းက သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
နိရဉ္စရာ ပေးပို့သည်။