မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာနိုင်ငံ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများက မေတ္တာရပ်ခံပေးရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုခဲ့ကြောင်း ငြိမ်းချမ်းရေး ကမ်းလက်များအဖွဲ့ထံက သိရသည်။
တောင်းဆိုပွဲကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်ပြီး ပြည်သူများ၏ ဒုက္ခများကို ရပ်တန့်ပေးနိုင်မည့် အားလုံးပါဝင်သော ဆွေးနွေးညှိနှိုင်းမှုများဖြင့် တိုင်းပြည်ပြန်လည် တည်ငြိမ်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ ဥက္ကဋ္ဌ ကတူးမာတင်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့လုပ်ရတဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆရာတော်ကြီးတွေက မေတ္တာရပ်ခံပေးဖို့ တောာင်းဆိုပွဲပြုလုပ် ရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် တိုင်းပြည်တည်ငြိမ်ရေးနှင့် လောကကောင်းကျိုး၊ လူသားအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစေရန် နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ကြီးများမှ ခေတ်သစ် သာသနာတော် သမိုင်းတင်ပြီး မေတ္တာတရားထားပေးပါရန် တောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ပန်ကြားထားသည်။
လက်ရှိတွင် လေယာဉ်ဗုံးကြဲမှုများ၊ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေ့စဉ်လူသေဆုံးနေရပြီး မြို့ရွာများ ပို၍ ပျက်စီးလာနေသည့် အခြေအနေဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် အဆုံးမရှိသော စစ်ပွဲသံသရာ အမှောင်မိုက်ဆုံးသော ခရီးရှည်ကြီးဆီသို့ ချီတက်နေကြသည်နှင့်တူနေပြီး ပြည်သူအားလုံးဒဏ်ရာဗလပွဖြင့် ထိခိုက်နာကျင်လွန်းလှနေပြီဖြစ်သည်ဟုလည်း ကတူးမာတင်က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ရှောင်နေရသည့် အရပ်သားပြည်သူ ၃,၀၀၀,၀၀၀ ကျော်သည် အခက်အခဲများကြုံတွေ့နေရပြီး အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထောင်ထဲတွင် ဖမ်းဆီးခံထားရသည်။
မဇ္ဈိမ