ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနှင့် စကားပြောခွင့်ပေး

By MPM 22 အောက်တိုဘာ, 2026 👁 49

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဖမ်းဆီးထောင်ချထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်တို့ကို စစ်အစိုးရက စကားပြောခွင့်ပေးလိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်က စကားပြောခွင့် ပေးခဲ့ခြင်းဖြစ်သည်။

အာဏာဏာသိမ်းစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက မိသားစုအပါဝင် နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

ယင်းကြောင့် သားဖြစ်သူ ကင်မ်အဲရစ်က မိခင်နှင့် ဆက်သွယ်တွေ့ဆုံခွင့် ရရှိရန် ပြန်လည်လွတ်ပေးဖို့ တောက်လျောက်တောင်းဆိုလာခြင်းဖြစ်သည်။

၅ ကျော်အကြာတွင် ယခုအချိန်တွင် ပထဆုံး ဆက်သွယ်စကားပြောခွင့်ရရှိခြင်းလည်းဖြစ်သည်။

ကင်မ်အဲရစ်က “ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျနော့်မေမေနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျနော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်” ဟု ပြောသည်။

ယင်းအပြင် သူနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည်ပြီး အားပေးခဲ့ကြသည့် သူများကိုလည်း ကျေးဇူတင်ကြောင်း ပြောပြီး မိခင် လွတ်မြောက်လာသည် အထိ ဆက်လက်တောင်းဆို ပေးကြဖို့ကိုလည်း တိုက်တွန်းထားသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိတွင် အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ တစ်ကြိမ် စကားပြောခွင့်ရရှိခြင်းက မိသားစုနှင့် ပုံမှန်ဆက်သွယ်ခွင့်ရခြင်းမဟုတ်ဘဲ ဆက်သွယ်ရခြင်းကလည်း လွတ်မြောက်ခြင်း မဟုတ်ကြောင်း သူက ပြောထားသည်။

ယင်းအပြင် စစ်အုပ်စုအနေဖြင့်လည်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့ အရေးယူမှု လျှော့ပေါ့ပေးရေးနှင့် နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် အပေးအယူလုပ်ရာတွင် အသုံးမချသင့်ဟု သူကပြောသည်။

စစ်အုပ်စုနှင့် ဆက်ဆံနေသည့် အစိုးရများနှင့် ဗြိတိန်အစိုးရအနေဖြင့် အခြေခံလူ့အခွင့်အရေးများကို တရားဝင်အသိအမှတ်ပြုမှုနှင့် အလဲအလှယ်မလုပ်ကြရန် သူကမေတ္တာရပ်ခံထားပြီး မိခင်ဖြစ်သူနှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်းကိုလည်း ဆက်လက်တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က  အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး လွတ်ငြိမ်းသက်သာခွင့် ၆ နှစ် လျှော့ပေါ့ပေးခဲ့သည့်အတွက် လက်ရှိတွင် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံရန် ကျန်ရှိနေခြင်းဖြစ်သည်။

DMG