ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေါကလော်လဲ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အလယ်တန်းအဆင့်ထိ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ Grade – 4 အတန်းထိသာ ဖွင့်လှစ်ထားနိုင်ခဲ့ပြီး အတန်းသစ် ထပ်မံတိုးချဲ ဖွင့်လှစ်နိုင်ဖို့ အတွက် သင်ကြားရေး ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီတာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
“ကျနော်တို့ စရောက်ကတည်းက ကျောင်းတွေ စဖွင့်တယ်။ ကလေးက ၃၀၊ ၄၀ လောက်ထိရှိတယ်။ ၄ တန်းအထိပေါ့နော်။ ၅၊ ၆၊ ၇ တန်းတွေကတော့ သူများရွာမှာ သွားရောက်ပညာသင်ယူရတယ်။ ဒီနှစ်က ပညာရေးမှူးက ရောက်လာပြီး ကျနော်တို့ ဘာလုပ်ဖို့လိုအပ်လည်း တိုင်ပင်ကြရင်းနဲ့ ကျနော်တို့ ၆ တန်းအထိ အတန်းတွေ ထပ်တိုးထားတယ်။ ကျနော်တို့ ဖွင့်ဖို့ကတော့ လုပ်ပြီးပြီ။ ဒါပေမယ့် သင်ကြားရေးပိုင်းမှာက ဆရာ/မ တွေ အရမ်းလိုအပ်နေတယ်။ ကျောင်းသား/သူ တွေကတော့ အဆင်သင့်ရှိနေကြပြီ” လို့ ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ရှောင်စခန်းက စာသင်ကျောင်းမှာ လေးတန်းအထိသာ ဖွင့်လှစ်ထားနိုင်တာကြောင့် အတန်းကြီး ကလေးတွေအတွက် တခြားကျေးရွာတွေမှာ သွားရောက်ပညာသင်ကြားဖို့က အခက်အခဲရှိကြတယ်လို့ ဆိုပါတယ်။
လမ်းခရီး ၁ မိုင်အကွာရှိတဲ့ ကျေးရွာမှာ သွားရောက် ပညာသင်ကြားရပြီး မိုးရာသီကာလမှာတော့ လမ်းခရီး အဆင်မပြေမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်ရှောင်စခန်းဖြစ်တာကြောင့် အဖက်ဖက်က လိုအပ်ချက်တွေ များပြားနေပေမယ့် သား၊ သမီး ပညာရေးကို ဦးစားပေးဖို့ရည်ရွယ်ပြီး အလယ်တန်းအဆင့်ထိ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ ကော်မတီတာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီမှာနေတာက ဘာအလုပ်မှ မလုပ်နိုင်ဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ ကလေးရဲ့ ပညာရေးကို ဦးစားပေးရမယ်။ အိပ်ကပ်ထဲ နိုက်ဖို့လိုရင်လည်း နိုက်ရမယ်။ ငွေရေး ကြေးရေး ရှာနိုင်သလောက် ကျနော်တို့ ရှာရမယ်။ အလှူရှင်တွေ ရှိရင်တော့ ကျနော်တို့ အတွက် အများကြီး သက်သာတယ်ဆိုတာကို ပြောချင်တယ်” လို့ သူက ဆိုပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းက ရွေ့ပြောင်းလာကြတဲ့ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ ၇၀ နီးပါးရှိပါတယ်။
ကန္တာရဝတီတိုင်း(မ်)