ကရင်အမျိုးသားအစည်းအရုံး KNU က စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အခြေခံလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်သိမ်းပိုက်နေဆဲဖြစ်သည်ဟု KNU တာဝန်ရှိသူတို့က ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် နယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလအထိ မာနယ်ပလော ဌာနချုပ်ဟောင်းကို ပြန်သိမ်းနိုင်ခဲ့သည့်အပြင် တပ်မဟာ (၇) မှ တပ်စခန်းအများစုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် တပ်မဟာ (၆) နှင့် တပ်မဟာ (၄) အတွင်းရှိ နယ်စပ်ဂိတ်များကိုလည်း ပြန်လည်သိမ်းပိုက်နေပြီး၊ ကျန်အဆင့်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု KNU ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုးစောတောနီးက ပြောသည်။
“ကျနော်တို့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်မြေက မြောက်ပိုင်းတွေဆို တပ်မဟာ (၅) ကစပြီးတော့ ပထမဦးဆုံး စတင်ရှင်းလင်းလိုက်တယ်ပေါ့။ အခုက တပ်မဟာ (၆) ဆို ကုန်ခါနီးပြီး နည်းနည်းပါးပါးကျန်တယ်။ တပ်မဟာ (၄) လည်း အရေးကြီးတယ်။ ထီးထ၊ ထီးခီးနယ်စပ်ဂိတ်တွေကို ပြန်သိမ်းလို့ရနေပြီလေ။ ကျန်တဲ့ဟာတွေတော့ နောက်တဆင့်မှာပဲနော်” ဟု ၎င်းကပြောသည်။
KNU ၏ စစ်ရေးမဟာဗျူဟာသည် မြောက်ပိုင်းအဖွဲ့ကဲ့သို့ မြို့သိမ်းထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ နယ်စပ်ရှိ တပ်စခန်းများကို ဦးတည်ထိန်းချုပ်သည့်ပုံစံ ဖြစ်သည့်အပြင် စစ်ကောင်စီ၏ နယ်စပ်ကုန်သွယ်ရေးနှင့် ငွေကြေးစီးဆင်းမှု လျော့နည်းစေရန် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းလည်း မွန်တော်လှန်ရေးအဖွဲ့မှ နိုင်ငံရေး၊ စစ်ရေး လေ့လာနေသူတစ်ဦးက ပြောသည်။
“ကရင်တွေရဲ့ဗျူဟာက အမြစ်ကနေပြီး အကုန်အရင်ဖြတ်တောက်တယ်။ ဒီထိုင်းနယ်စပ်မှာဆိုရင် ထွက်ပေါက် အကြီးကြီးဖြစ်တဲ့ ဘုရားသုံးဆူနဲ့ မြဝတီရဖို့အတွက်ပဲ၊ ကူးသန်းရောင်းဝယ်ရေးကို ထိန်းထားလိုက်ရင် စစ်တပ်တွေ ကူးသန်းရောင်းဝယ်မှုဆီကနေ ရလာတဲ့ငွေကြေးတွေလည်း လျော့သွားနိုင်တယ်။ နောက်ဆုံးထိုင်းတွေနဲ့ ဆက်ဆံရေးကအစ တနည်းနည်းနဲ့ ရသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
မြို့သိမ်းထိုးစစ်ဆင်တိုက်ခိုက်သည့် ဗျူဟာမဟုတ်ဘဲ စစ်ကောင်စီတပ်သွားရာလမ်းပိုင်းနှင့် နယ်စပ်စခန်းများကို ရှင်းလင်းတိုက်ထုတ်ခြင်းသည် ပြည်သူများကို ထိခိုက်မှု နည်းပါးစေခြင်း၊ တပ်သားအင်အားဆုံးရှုံးမှုနှင့် မြို့တွင်း အပျက်အစီး နည်းပါးစေသည်ဟုလည် ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်အတွက် အဓိက အရေးပါသည့် ဥကရစ်ထ၊ ဝေါလေ ဗျူဟာကုန်း၊ တီသဲလယ်နှင့် ထီးကပလယ်စခန်း ၄ ခုတို့ကို KNU နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေဆဲဖြစ်သည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့က သိမ်းပိုက်ရရှိထားသည့် တနင်္သာရီတိုင်းမှ ထီးခီးစခန်း ကုန်သွယ်ရေးဂိတ်တို့ကို ဦးဆောင်လည်ပတ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့သည့် ဒူပလာယာခရိုင်ရှိ တပ်စခန်းတချို့ကို စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည့် အခြေအနေလည်းရှိနေကြောင်း သိရသည်။
IMNA