ထိုင်း-မြန်မာနယ်စပ် မယ်လစစ်စခန်းတိုက်ပွဲကြောင့် စစ်ရှောင် ၄၀၀ ကျော် ထိုင်းနိုင်ငံဘက်ရောက်ရှိ

By MPM 15 မေ, 2025 👁

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီအခြေစိုက် မယ်လစခန်းတွင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ရှောင် ၄၁၄ ဦး ထိုင်းနိုင်ငံ၊ တာ့ဆောင်ယန်းမြို့နယ်ထဲသို့ ထွက်ပြေးရောက်ရှိလာကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မေလ ၁၄ ရက်နေ့ ညပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ကနေ ပိုင်ကျုံ မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အဆိုပါမယ်လစခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရှောင်နေရသည့် ဒေသခံအချို့ထံမှ သိရသည်။

စစ်ရှောင်သူများတွင် အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်ပြီး ထိုင်းအာဏာပိုင်များဘက်က တာ့ဆောင်ယန်းမြို့နယ်၊ မယ်လမြို့နယ်ခွဲအတွင်း ယာယီစစ်ရှောင်ရာနေရာများတွင် ချထားအကူအညီပေးကြောင်း ထိုင်းသတင်းရင်းမြစ်များက ပြောဆိုသည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “စခန်းက ရွာနဲ့တအားနီးလို့ အခုထိုင်းဘက်မှာစစ်ရှောင်နေတယ်။ မနေ့ညကအထိ အနောတို့က ရွာမှာနေတုန်းပဲ။ ဒီမနက်မှ ထိုင်းဘက်ကူးလာတာ။ တခြားရွာတွေက တာလယ်ကို မသိမ်းခင်ကတည်းက ရှောင်နေကြတယ်။ အခုဒီဘက်မှာဆို ရွာလေး၊ငါးရွာလောက် ရှောင်တာရှိမယ်။ ထိုင်းဘက်ရောက်တော့ တချို့က အသိအိမ်တွေမှာ လိုက်နေကြတာလည်းရှိတယ်” ဟု ပြောသည်။

စစ်ရှောင်များအတွက် ထိုင်းအာဏာပိုင်များက နှစ်နေရာခွဲ၍ နေရာပေးထားသလို သက်ဆိုင်ရာတာဝန်ရှိ ထိုင်းတပ်ဖွဲ့ဝင်တို့ကလည်း နယ်စပ်အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

ယခုမေလအတွင်း တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တခေါ်ဘီခွီးစခန်းနှင့် တာလယ်စခန်းများကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် စခန်းအနီးဝန်းကျင်မှရွာများ ထိုင်းဘက်သို့ အကြိမ်ကြိမ် စစ်ရှောင်ရောက်ရှိလာကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

KIC ပေးပို့သည်။