တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီ၏ ပေါက်တိုင်းစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည်ဟု ဒေါင်းညီနောင်စစ်ကြောင်းထံက သိရသည်။
အင်အား ၃၀ ဝန်းကျင်နှင့် တပ်စွဲထားသည့် စစ်ကောင်စီ၏ ထားဝယ်မြို့ဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် မေ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က တစုံတရာထိခိုက်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၃ ရက်အကြာ မေလ ၁၀ ရက်နေ့တွင် ကျောက်ရပ်ကျေးရွာတံတားအနီးရှိ သစ်အရောင်းဆိုင်မှ ဦးသန်းအောင်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဟားလီးကွေ့စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့သလို ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။