ထားဝယ်မြို့ပေါ်မှာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

By MPM 14 ဇန်နဝါရီ, 2026 👁

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ် ရပ်ကွက်တွေနဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်မြို့နဲ့ လောင်းလုံးမြို့ကို ဆက်သွယ်ထားတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်နဲ့ ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ အဓမ္မဖမ်းဆီးနေတာပါ။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ မကျင်းပမီ တစ်ရက်အလိုကတည်းက ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ လူငယ်တွေကို ပိတ်ဆို့ဖမ်းဆီးခဲ့သလို နေအိမ်အတွင်းအထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးရာမှာလည်း လူငယ်တွေအများအပြားရှိနေတက်တဲ့ လက်ဖက်ရည်ဆိုင်၊ ထန်းရည်ဆိုင်နဲ့ ရပ်ကွက်တွေမှာ လှည့်လည်း ဖမ်းဆီးတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်က ခရီးသွားလူငယ် ၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာလည်း စစ်မှုထမ်းအကြုံးဝင်တဲ့ ခရီးသွားလူငယ်အမျိုးသားတွေကို အတင်းအဓမ္မစစ်ဆေးဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းအတွက် ရေဖြူမြို့နယ်အခြေစိုက် ကလိန်အောင်တပ်ရင်းထံ ပို့ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်ရှိ ကြက်စားပြင်နဲ့ ဝဲကျွန်းရပ်ကွက်တွေမှာ စစ်ကော်မရှင်တပ်က အင်အားအများပြားနဲ့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်အမျိုးသား ၈၀ နီးပါး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်