20 ဇွန် 2025 /

See today's Peace Related News

Homeသတင်းထားဝယ်တွင် စစ်ကောင်စီက ၄ ရက်ဆက်တိုက် လေကြောင်းနှင့်ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများရှိ

ထားဝယ်တွင် စစ်ကောင်စီက ၄ ရက်ဆက်တိုက် လေကြောင်းနှင့်ဗုံးကြဲ၊ အရပ်သား ထိခိုက်သေဆုံးမှုများရှိ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သရက်ချောင်းမြို့နယ် အောက်ဘက်အခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ကနေ လေယာဥ်ဖြင့် ၄ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိနေကြောင်း KNLA တပ်ရင်း ၁၂ မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ဝင်းဝစခန်း အနီးဝန်းကျင်ရှိ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် မြေးအဖိုး၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဝင်းဝနယ်မြေရဲစခန်းကို ဧပြီလ ၁၈ ရက်နေ့က KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့သည်။

တဖက်တွင်လည်း ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှ ဧပြီလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်အထိ နှစ်ဖက်ပစ်ခတ်သံများ ညလုံးပေါက် ကြားခဲ့ရသည်ဟု ရွာသားများက ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဝင်းဝ၊ မင်းဒပ်၊ ကမြိုင်ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ည ၁၀ နာရီခွဲတွင်လည်း ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသား ကျေးရွာများဘက်သို့ လေယာဉ်ဖြင့် ဗုံး ၁၅ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသတော်လှန်ရေးအဖွဲ့က ပြောသည်။

KNLA တပ်ရင်း ၁၂ မှ ကစယ်ကျားအထူးတပ်ဖွဲ့၏ တပ်ခွဲမှူးက “စစ်တပ်က လေယာဥ်နဲ့ အကြိမ်ကြိမ်ဗုံးကြဲပေမဲ့ ထိရောက်မှု သိပ်မရှိပါဘူး၊ KNLA တပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရရှိကာ ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦးတော့ ဒဏ်ရာ ရရှိခဲ့တယ်၊ တပ်ဖွဲ့ကို ပြန်ဆုတ်သွားအောင်လို့ ခြိမ်းခြောက်တဲ့သဘောလို့ပဲ ထင်မိတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များသည် စိုးရိမ်ရလောက်သည့် အခြေအနေမရှိဟု KNLA တပ်ရင်း ၁၂ မှ ကစယ်ကျားအထူးတပ်ဖွဲ့၏ တပ်ခွဲမှူးက ဆက်ပြောဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် ဝင်းဝရဲစခန်းနေရာ အနီးရှိ မင်းဒပ်နှင့် သဲချောင်းသား ကျေးရွာအပြင် တိုက်ပွဲဧရိယာအတွင်း မရှိသည့် ကျေးရွာများကိုပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိ​သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်၊ ကမြိုင်၊ သဲချောင်းသား၊ ချောင်းဝပြင်၊ ရငဲ၊ ကျွဲမင်းကုန်း စသည့်ကျေးရွာများမှ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရန်ကုန်ဘက်မှလာသည့် ကားများလည်း ထားဝယ်တွင် ပိတ်မိနေပြီး မြိတ်ဘက်ကတက်လာသည့် ကားများလည်း ပုလောနှင့် ပလောက်မြို့များတွင် ပိတ်မိနေသည်မှာ ၅ ရက်ရှိလာပြီဟု ဒေသတွင်းခရီးသွားလာသူများက ပြောဆိုသည်။

NMG ပေးပို့သည်။