ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင် စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် လုံခြုံရေးကင်မရာများ မြို့ပေါ် ၅ နေရာထက် မနည်းတွင် တပ်ဆင်အသုံးပြုလာသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။
လုံခြုံရေးကင်မရာများ တပ်ဆင်ပြီးနောက် အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ် လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က “အဓိကက ဟားခါးမြို့တွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းတွေ၊ ရဲစခန်း တွေ သူတို့ကင်းစောင့်တဲ့ နေရာတွေကို အချိန်မရွေး ဟားခါးမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ ပြီးရင် ပစ်ခတ် တာတွေ လုပ်လာတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့အတွက် အကာအကွယ်ယူနိုင်ဖို့ CCTV ကင်မရာတွေ တပ်ဆင်လာတယ်လို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
လုံခြုံရေးကင်မရာများကို စစ်ကောင်စီ အစိုးရရုံးအနီးနေရာ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း အိမ်အနီးနေရာနှင့် ၎င်းအိမ်လမ်းပေါ်ကနေရာ၊ ဘုရားကျောင်းသွားသော လမ်းများတွင် တပ်ဆင် ထားသည်။
အာဏာမသိမ်းမီက ဟားခါးမြို့တွင် ဘဏ်နှင့် ဆေးရုံတို့တွင် လုံခြုံရေး ကင်မရာများ တပ်ဆင် အသုံးပြုခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီသည် စစ်စခန်းများ၊ တချို့ရုံးဌာနများနှင့် ၎င်းတို့ လှုပ်ရှားရာ နေရာများတွင် လုံခြုံရေးကင်မရာများ တပ်ထားသည်ကို တွေ့ရှိရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
ဟားခါးတမြို့လုံး၏ အသွားအလာကို စောင့်ကြည့်နိုင်ရန် CCTV ကင်မရာတွေကို ကွက်ကြား တပ်ဆင် ထားပြီး လက်ရှိမှာ ၅ နေရာတွင် တပ်ဆင်ထားသည်ကို အတည်ပြုနိုင်သည်ဟု အဆိုပါမြို့ခံက ပြောပါသည်။
စစ်ကောင်စီသည် ဟားခါးတမြို့လုံးကို လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်နေနိုင်ရန် တမြို့လုံးတွင် တပ်ဆင်ရန် ပြင်ဆင်နေသော်လည်း လက်ရှိတွင် တမြို့လုံးကို မတပ်ဆင်နိုင်သေးကြောင်း သိရသည်။
“ကျနော်တို့ သတင်းရထားတာရှိတယ်။ စစ်ကောင်စီတွေက ဟားခါးမြို့တွင်းမှာ သူတို့စခန်းတွေ၊ လုံခြုံရေး လိုချင်တဲ့နေရာတွေ တချို့ရုံးတွေမှာ CCTV တွေ တပ်ထားတယ်။ တခြား အရေးကြီးတဲ့ နေရာတချို့မှာလည်း တပ်ထားတယ်လို့ သတင်းရထားတယ်” ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟားခါးမြို့နယ်အတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ မကြာခဏ အပြင်းအထန် ဖြစ်ပွားနေပါသည်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲအတွင်း ဟားခါးမြို့ပေါ်က စစ်ကောင်စီ၏ ရုံးဌာနနှင့် စခန်းများ မြို့ပြပျောက်ကြားတိုက်ခိုက်မှုအဖြစ် မကြာခဏ ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှလွဲ၍ ကျန်သော မြို့နယ် ၈ ခုလုံးကို စစ်အုပ်ချုပ်ရေး မြို့နယ်များအဖြစ် ကြေညာထားသည်။
KMG ပေးပို့သည်။