တော်လှန်ရေးကိုယ်စားပြု ဦးဆောင်မှုပေါ်ပေါက်ရေး ပူးပေါင်းသွားမည်ဖြစ်ကြောင်း PNLO/PNLA ကြေညာ

By MPM 18 မေ, 2026 👁 3

တော်လှန်ရေးတစ်ခုလုံးကို ကိုယ်စားပြုနိုင်ပြီး အားကောင်းသည့် ဦးဆောင်မှုတစ်ရပ်ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO/PNLA က အဖွဲ့၏ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်ကြေညာသည်။

ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြုလုပ်သွားသော အဆိုပါအစည်းအဝေးတွင် ပြည်တွင်းနိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ အဖွဲ့၏ရှေ့လုပ်ငန်းစဥ်နှင့်သဘောထားမှတ်ချက် (၆) ချက်ကို PNLO/PNLA က ကြေညာခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် PNLO/PNLA အနေဖြင့် စစ်အုပ်စုနှင့်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး တော်လှန်ရေးတစ်ခုလုံးကို ကိုယ်စားပြုနိုင်သည့် ဦးဆောင်မှုတစ်ရပ်ပေါ်ပေါက်ရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

“အဓိကကတော့ တော်လှန်ရေးက တစ်ဖွဲ့ကောင်းနဲ့လည်း မရနိုင်ဘူးပေါ့လေ။ စုစုစည်းစည်းသွားနိုင်မှဖြစ်မယ်ဆိုတာ အားလုံးသိပြီးသား။ ဒါကြောင့်တော်လှန်ရေးတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့တပ်ပေါင်းစုလိုပုံစံဖြစ်ဖြစ် စုစည်းပြီးသွားဖို့လိုပါတယ်။ အဲ့လိုပေါ်ပေါက်လာဖို့ကျနော်တို့လည်း ကြိုးစားနေပါတယ်” ဟု ထုတ်ပြန်ချက်ပါပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

ထို့အပြင် အာဏာသိမ်းသမ္မတက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပါဝင်ရန်၊ အပစ်ခတ်ရပ်စဲရေးစာချုပ် – NCA ကိုလိုက်နာကြရန် မကြာခဏဖိတ်ခေါ်ပြောဆိုမှုအပေါ် အတုအယောင်အဖြစ် PNLO/PNLA က သဘောထားသည်။

ထို့ကြောင့် အမည်ခံ NCA ကိုရှောင်ရှားပြီး ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးရဖို့သာ ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ဗိုလ်မှူးကြီး ခွန်အောင်မန်းက “နိုင်ငံရေးပြဿနာကို ဆွေးနွေးလို့ ပြေလည်နိုင်တဲ့အခင်းအကျင်းမျိုး ဖြစ်ပေါ်မယ်ဆိုရင်တော့ ကျနော်တို့ပါဝင်မှာပါ။ လက်ရှိအနေအထားကတော့ ကျနော်တို့အဆင်သင့်မဖြစ်သေးဘူး အဲ့ဒီလိုအခင်းအကျင်းမျိုး မဟုတ်သေးဘူးလို့ ယူဆပါတယ်” ဟု ဖြည့်စွက်ပြောသည်။

PNLO/PNLA အနေဖြင့် တော်လှန်ရေးကိုထောက်ပံ့ပေးနိုင်သည့်အကူအညီများ ရရှိဖို့အပြင် ပအိုဝ်းအပါအဝင် စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိဖို့ကိုပါ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

ထုတ်ပြန်ချက်အရ PNLO/PNLA ၏ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကို အဖွဲ့ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် PNLO/PNLA သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

ထိုစဥ်က PNLO/PNLA ကို လက်ရှိ NCA လမ်းစဥ်ကိုဆုပ်ကိုင်ပြီး PNLO-NCA-S အဖြစ် ခွဲထွက်ဖွဲ့စည်းလိုက်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အဖွဲ့ဦးဆောင်နာယကအဖြစ် ဦးဆောင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ လက်ရှိဥက္ကဌ ခွန်သူရိန် ခေါင်းဆောင်သော PNLO/PNLA နှင့် စစ်အုပ်စုတို့အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ အစပြုပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း PNLO/PNLA က ကြေညာ၊ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ