ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို ယနေ့ (ဇူလိုင် ၂၃ ရက်) နံနက်ပိုင်းတွင် သာယာဝတီအကျဉ်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
အကျဉ်းထောင်အာဏာပိုင်များသည် ထောင်ပြောင်းရွှေ့ခံရမည့်သူများ၏ နာမည်များကို လွန်ခဲ့သည့် တရက်က ကြိုတင်ခေါ်ယူကာ ခြေချင်းများ ခတ်ထားခဲ့ပြီး ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် ၁၂ ဘီး မော်တော်ယာဉ်များဖြင့် သာယာဝတီထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
“ထောင်ပြောင်းရွှေ့စဉ်အတွင်း အကျဉ်းသားတဦးကို စောင် သုံးထည်နဲ့ အင်္ကျီ တစုံစီပဲ သယ်ဆောင်ခွင့်ပြုခဲ့ပြီး ကျန်တဲ့ ကိုယ်ပိုင်ပစ္စည်းတွေနဲ့ ထောင်ဝင်စာပစ္စည်းတွေကိုတော့ ထောင်အာဏာပိုင်တွေက အကုန်သိမ်းဆည်းလိုက်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထောင်ပြောင်းတာက ဘယ်တော့မှ ကြိုမပြောဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ထောင်ပြောင်းတယ်ဆိုရင် မနက်အစောကြီးထပြီးတော့မှ လက်တို့ပြီး ခေါ်သွားတယ်။ ပစ္စည်းဘယ်လောက်ပဲ ယူရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြောင်းရတယ်။ တောင်ငူထောင်မှာက အကျဥ်းသားတွေက နေသားတကျဖြစ်နေကြပြီ။ မိသားစုတွေက တောင်ငူထောင်ကို စားသောက်ဖွယ်ရာ ပို့တာမျိုးတွေ၊ ဧည့်တွေ့လာတာမျိုးတွေ ရှိနိုင်တယ်။ ရုတ်တရက် ပြောင်းသွားတော့ လမ်းခရီးစရိတ်တွေ ခက်ခဲသွားနိုင်တယ်” ဟု PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
သာယာဝတီထောင်နှင့် အလှမ်းဝေးကွာသည့် နေရာတွင် မိသားစုဝင် ရှိသည့် အကျဉ်းသားများသည် ဧည့်တွေ့ရေးနှင့် အစားအသောက် ပို့ဆောင်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။
မိုးရာသီကာလအတွင်း အဝတ်အစား အနည်းငယ်သာ ယူဆောင်ခွင့်ရရှိသဖြင့် အဝတ်အထည်များ မခြောက်သွေ့ခြင်းနှင့် ယားနာများ ပေါက်ခြင်းတို့ အကျဉ်းသားများ ကြုံတွေ့ရနိုင်ကြောင်းလည်း PPNM တာဝန်ရှိသူက ဆိုသည်။
အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို ခြေချင်းခတ်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်းများသည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ကြောင်း PPNM က ထောက်ပြထားသည်။
ဒါ့အပြင် PPNM အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်နေမှုများကို ဆက်လက် စောင့်ကြည့် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁,၅၅၁ ဦး ရှိပြီး ထိုအထဲမှ ၁၄,၅၈၄ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်နေ့ စာရင်းများအရ သိရသည်။
မဇ္ဈိမ