ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ဝါးရှောင်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာက ပြည်သူတွေထပ်မံတိမ်းရှောင်နေရတယ်လို့ ဝါးရှောင်ဒေသခံတွေပြောပါတယ်။
ဩဂုတ်လကနေ တစ်ဖန်ပြန်လည်ပြင်းထန်နေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က လေယာဉ်၊ လက်နက်ကြီး အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် လမြန်၊ နမ့်ဝါ၊ မုတ်ကြိတ်၊ ဝါးရှောင်ကျေးရွာဘက် လက်နက်ကြီးကျပေါက်ကွဲတာတွေကြောင့် ပြန်တိမ်းရှောင်နေရပြီလို့ ဝါးရှောင်ရွာခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“အိမ်ဝင်းမှာ ၂ လုံးလာကျတဲ့နေ့ကတည်းက မနေရဲတော့ဘူး။ ပိုဆိုးတာက ကျနော်တို့ဝါးရှောင်ရွာအောက်ပိုင်းအားလုံး ပြန်တိမ်းရှောင်နေရပြီ” လို့ ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဝူယန်၊ လမြန်ကျေးရွာတွေဟာ တစ်ဆက်တည်းရှိပြီး လမြန်ကျေးရွာအထက်မှာ နမ့်ဝါ၊ မုတ်ကျိတ်၊ ဝါးရှောင်တွေအားလုံးဟာ တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ကံပိုက်တည်၊ ဆဒုံး အပြင် ချီဖွေ၊ ပန်ဝါ သွားတဲ့လမ်းမကြီးဘေးတစ်လျှောက် ရွာချင်းဆက်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ထိုးစစ်အတွင်း မြို့တွင်းတပ်ဖြစ်တဲ့ ခလရ (၅၈) တပ်၊ ဝူယန်ပြည်သူ့စစ်စခန်း၊ မြို့တွင်းရှိ ရဲစခန်းကလွှဲပြီး ကျန်တဲ့နေရာအားလုံးကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားတာဖြစ်ပါတယ်။
တိုက်ပွဲကြောင့် လမြန်၊ ဝူယန်ရွာအပါအဝင် ဝိုင်းမော်မြို့နယ်အတွင်းရှ်ိရွာပေါင်း ၃ဝ ဝန်းကျင်က ပြည်သူအများပိုင်းဟာ ဘေးလွှတ်ရာ တိမ်းရှောင်ကြပြီဖြစ်ပါတယ်။
သို့သော် စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အတူ အခက်ခဲအမျိုးမျိုးကြောင့် တိုက်ပွဲဖြစ်တဲ့ လမြန်၊ ဝူယန်မှလွှဲပြီး ကျန်တဲ့ရွာကပြည်သူတစ်ချို့ နေရပ်ပြန်လည်နေထိုင်သူတွေရှိသလို အိမ်စောင့်ဖို့၊ လယ်လုပ်ဖို့ ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။
ဒါပေမယ့်၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်ကစ တိုက်ပွဲတစ်ဖန်ပြင်းထန်လာတဲ့အတွက် ရွာအတွင်းကျန်ရှိနေတဲ့ ပြည်သူတွေ ထပ်မံတိမ်းရှောင်ကြတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ အပြန်လှန် လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ဘက်က ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ မြောက်ပိုင်းစစ်ဌာနချုပ် (မပခ)၊ လယ်ကုန်းနဲ့ ကြက်ပေါင်ခြံဘက်ကနေ နေ့ညမပြတ် လက်နက်ကြီးပစ်ခတ်နေတာကြောင့် ဩဂုတ်လ ၃၁ ရက်နေ့ လမြန်ရွာက ကလေးငယ်တစ်ဦး လေယာဉ်ဗုံးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရခဲ့ပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေ တိုက်ပွဲကြား ထိခိုက်သေဆုံးမှုမဖြစ်အောင် ပြည်သူတွေအနေနဲ့ တိုက်ပွဲဝေးရာ တိမ်းရှောင်တာ အကောင်းဆုံးဖြစ်တယ်လို့ လက်ရှိ ဝိုင်းမော်တိုက်ပွဲမှာ ပါဝင်နေတဲ့ KIA ရှေ့တန်းရင်းမြစ်တစ်ဦး ပြောပါတယ်။
“ဖြစ်နိုင်ရင် ရှောင်ကြတာတော့ အကောင်းဆုံးပါ။ ဘယ်ချိန်လက်နက်ကြီးကျမလဲ လေယာဉ်နဲ့လည်း နေရာမရွေးလာချနိုင်တယ်။ ကျနော်ကတော့ ပြည်သူတွေကို ဘေးကင်းစေချင်လို့ ပြောတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဝိုင်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ထိုးစစ်ကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဇွန်လမှာ လမြန်ရွာကနေ ဆုတ်ခွာခဲ့ရပါတယ်။
ဒါပေမယ့် ဇူလိုင်လဆန်းပိုင်းKIA ရဲ့ တန်ပြန်ထိုးစစ်ပြန်ဆင်လာရာ လက်လွှတ်လိုက်ရတဲ့ လမြန်ရွာ ပြန်လည်ရရှိခဲ့ကြတာဖြစ်တယ်လို့သိရပြီး စစ်တပ်ဘက်ကလည်း တံချပ်ကာကားအပါအဝင် ဝေဟင်၊ မြေပြင်နဲ့ အပြင်းထန် ထိုးစစ်ဆင်နေဆဲလည်းဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ဟာမြို့ဧရိယာထက် ကျေးလက်ဧရိယာအများဆုံးဖြစ်ပြီး ရွာပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်တစ်ခုဖြစ်သလို ဒေသခံပြည်သူအများပိုင်း လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်မှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀,၀၀၀ ကျော်နေထိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။
KNG