တနင်္သာရီမှာ စစ်ကြောင်း ဖမ်းဆီးသွားတဲ့ ရွာခံ သုံးဦး ပြန်မလွှတ်သေး

By MPM 4 ဇူလိုင်, 2026 👁 50

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားတဲ့ ရွာခံသုံးဦး ပြန်မလွှတ်လာသေးဘူးလို့ နယ်ခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က အနောက်မော်တုန်းရွာကနေ အရှေ့မော်တုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းမှာတွေ့ရှိတဲ့ ဒေသခံပြည်သူတချို့ကို ခေါ်ယူစစ်ဆေးခဲ့တာပါ။

အဲဒီနောက် အရှေ့မော်တုန်းကျေးရွာနေ ဒေသခံအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်း ဖမ်းဆီးသွားတဲ့ အရှေ့မော်တုန်းရွာခံသုံးဦးဟာ ဇူလိုင် ၆ ရက်နေ့အထိ ပြန်မလွှတ်လာသေးတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ အသက်န္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ အရှေ့မော်တုန်းရွာနေ အသက် ၄၅ နှစ်အရွယ် ဦးရှီဒင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှာဖီယာနဲ့ အသက် ၃၈ နှစ်အရွယ် ဦးမတ်ရှာလင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် တနင်္သာရီမြို့နယ် အရှေ့မော်တုန်းနဲ့ အနောက်မော်တုန်းရွာက ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သံလွင်တိုင်းမ်