တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြား (၄၃၃) တံတားအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းထိပြီး (၅) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိသွားကြောင်း တနင်္သာရီမြို့နယ် ပ.က.ဖ ပြန်ကြားရေးက ပြောပါသည်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ (၁၇) ရက်နေ့ နံနက်ပိုင်းက မြိတ်ဘက်ကနေ တနင်္သာရီကို အင်အား (၈၀) ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်း (၂) လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသကာကွယ်ရေးတပ်များကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်အမြှောက်တပ်က ဘန်းလမွတ်ဘက်ကို ဆင်းလာသောတပ်တွေဖြစ်ပြီး ခြေလျင်စစ်ကြောင်းအတွက် ရှေ့ပွိုင့်ကိုမိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေလုပ်ခဲ့သော်လည်း ကာကွယ်ရေးတပ်များဘက်က ပြန်လည်ပစ်ခတ်ခဲ့တာမရှိကြောင်း ပ.က.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါသည်။
ယင်းနောက် မိုင်းဆွဲခံရပြီးချိန်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့သူများကို အရပ်သားကားများနှင့် မြိတ်ဘက်သို့ ပို့ဆောင်ထားကြောင်း သိရပါသည်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာမှာပဲ စခန်းချထားပြီး ရှေ့ဆက်တိုးလာတာမရှိသလို တပ်ပြန်ဆုတ်တာလည်း မရှိသေးကြောင်း သိရပါတယ်။
ပြီးခဲ့သည့် မေလ (၇) ရက်နေ့ကလည်း တနင်္သာရီမြို့နယ် လသာရွာအနီး မြိတ်-မောတောင်သွား ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာသောကား မိုင်းဆွဲခံရပြီး (၅) ဦး ထိခိုက်မှုဖြစ်ပွားခဲ့ပါသည်။
သံလွင်တိုင်းမ် – ပေးပို့သည်။