ထားဝယ်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီ၏ ထားဝယ်အကျဥ်းထောင်တွင်း တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်ဟု အကျဥ်းဦးစီးဌာနတာဝန်ရှိသူများထံမှ သိရသည်။
ထားဝယ်တက္ကသိုလ်၊ ဒဿနိကဗေဒ (အထူးပြု) ဒုတိယနှစ်ကျောင်းသား ကိုလင်းထက်ဖြိုးကို တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သည့် စွပ်စွဲချက်များနှင့် အောက်တိုဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ် အမိန့်ချခဲ့သည်ဟု အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ပြောသည်။
အကြမ်းဖက်ဟု ကြေညာထားသည့်အဖွဲ့များကို ငွေကြေးထောက်ပံ့မှု ဥပဒေပုဒ်မ ၅၀-ည အရ ထောင်ဒဏ် ၁၁ နှစ်၊ အကြမ်းဖက်အဖွဲ့များကို ကူညီဆောင်ရွက်ပေးမှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မ ၅၂-က ဖြင့် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ၁၅ နှစ် ချမှတ်ခံရကြောင်း အကျဉ်းထောင်တွင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုလင်းထက်ဖြိုး၏ မိသားစုဝင်တစ်ဦးက “တော်လှန်ရေးအဖွဲ့တွေကို ဖုန်းနဲ့ဆက်သွယ်ပြီး ငွေကြေးနဲ့ပစ္စည်းတွေ ထောက်ပံ့ထားတဲ့ အချက်အလက်တွေ တွေ့ရတယ်လို့ တရားသူကြီးက ပြောဆိုပြီး အမိန့်ချလိုက်တာပါ” ဟု ပြောသည်။
ကိုလင်းထက်ဖြိုးအား ချမှတ်လိုက်သည့် အမိန့်မှာ အပြီးသတ်အမိန့်ဖြစ်ပြီး နောက်ထပ် တရားစွဲဆိုထားသည့် ပုဒ်မများ မရှိတော့ကြောင်း ၎င်းက ဆိုသည်။
ကိုလင်းထက်ဖြိုးသည် စစ်အာဏာမသိမ်းခင်က ကျောင်းကပွဲများနှင့် ထားဝယ်မြို့ပေါ် အပျော်တမ်းပွဲများမှာ DJ တီးခတ်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်ဘဲ ပညာသင် ရပ်နားထားသူဖြစ်သလို သပိတ်စစ်ကြောင်းများတွင်လည်း လိုက်ပါကူညီပေးဖူးသူဖြစ်သည်ဟု ထောင်တွင်းတရားရုံးနှင့် နီးစပ်သူက ပြောသည်။
ကိုလင်းထက်ဖြိုးကို ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်က ၎င်း၏အိမ်မှာပဲ အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်နှင့် ရဲများက ဇူလိုင်လ ၂၆ ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ပြီး တစ်လခန့်အကြာ သြဂုတ်လ နောက်ဆုံးပတ်ထဲ၌ အကြမ်းဖက် ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၅၀-ည ပုဒ်မ နှစ်ခု အပါအဝင် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် စုစုပေါင်း ထောင်ဒဏ် ၄၄ နှစ် အထိ အမိန့် ချမှတ်ခဲ့သည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) မှ ထုတ်ပြန်ထားသည်။
ယင်းသို့ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူမှာ အသက် ၃၄ နှစ်အရွယ် မယဉ်ယဉ်ချို ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ထားဝယ်မြို့၊ အနောက်ရပ်ကွက်တွင် မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
NMG ပေးပို့သည်။