သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောတောင်ဘက်၌ တိမ်းရှောင်နေရသော စစ်ရှောင်များသည် ဆေးဝါး၊ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်များထံမှ သိရသည်။
သျှမ်းတောင်တွင် ဒေသခံစစ်ရှောင် ၇ သောင်းကျော်နှင့် ကရင်နီစစ်ရှောင် ၃ သောင်းကျော် စုစုပေါင်းစစ်ဘေးရှောင် ၁ သိန်းကျော် ရှိနေပြီး စစ်ရှောင်အများစုသည် တောထဲ၊ တောင်ထဲ၌သာ တိမ်းရှောင်နေရကြောင်း သိရသည်။
ဆီဆိုင်မြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက “အရင် ကက္ကူဘက်၊ ဟိုပုံးမြို့ဘက် ရှောင်ပေမယ့် PNO တွေ အိမ်ပြန် ခိုင်းတယ်။ တိုက်ပွဲဖြစ်နေသေးတော့ အိမ်လည်းမပြန်ရဲဘူး။ သူတို့ကိုလည်း ကြောက်တော့ တောဘက်ပဲ ပြန်နေကြတာ” ဟု ပြောသည်။
စစ်ရှောင်အများစုသည် ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်း မရှိသည့် တောဘက်၌သာ တိမ်းရှောင်ရနေရခြင်းကြောင့် ကျန်မာရေး စောင့်ရှောက်မှုမရသည့်အပြင် စားနပ်ရိက္ခာများ အကူအညီရရှိနိုင်ရန်လည်း အခက်ခဲများစွာ ရှိကြောင်း သိရသည်။
“တောထဲရှောင်သူတွေက ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုံးလုံးမရရှိနေတာကို သွားတွေ့ရတယ်။ မိုးလုံလေလုံ အခင်းအကျင်းတောင် မရှိနေတာကို သွားတွေ့ရတယ်။ မိုးရာသီရောက်လာတော့မယ်ဆိုတော့ အခက်ခဲများစွာ ရင်ဆိုင်ကြရတော့မယ် ဖြစ်ပါတယ်။ တောထဲရှောင်သူများသည် စားနပ်ရိက္ခာ အကူညီရရှိရန် အတွက် အတော်ခက်ခဲကြပါတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူ မနန်းက ပြောသည်။
ထို့အပြင် စစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့် မရခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရခြင်းတို့ကြောင့် မွေးကင်စကလေးငယ် ၃ ဦးလည်း သေဆုံးခဲ့ရကြောင်း ၄င်းက ဆက်ပြောသည်။
သျှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ ရက် အတွင်းတွင် အရပ်သား ၆၉ ဦး သေဆုံးခဲ့ပြီး၊ ၉၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး/ PYO ၏ ထုတ်ပြန်ချက်အရ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။