စစ်ကောင်စီတပ်က ကျေးရွာများသို့ ချိန်ရွယ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ပစ်မှတ်များကို စစ်သားများ စွန့်ခွာသွားသည် မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ကောင်စီတပ်စခန်းတွင် တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။
“ဘယ်ရွာကဘယ်လောက်ဒီဂရီ၊ ဘယ်လောက်မီတာရှိတယ်၊ ယမ်းအားက ဘယ်လောက်ဆိုတာ သူတို့ တွက်ချက်ထားတဲ့ပစ်မှတ် ဆိုင်းဘုတ်တွေကို တွေ့ရတယ်။ လက်နက်ကြီးတပ်ဆင်ခဲ့တဲ့ ကျင်းဘေး ပတ်ပတ်လည်မှာ အဲဒါတွေကို ဆိုင်းဘုတ်ထူထားတယ်” ဟု တိန်ညိုဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ရန်အတွက် တွက်ချက်ထားသည့် ကျေးရွာများမှာ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းကျေးရွာများမှာ တိန်ညိုတံတား၊ တိန်ညိုရွာထိပ်လမ်းဆုံ၊ တန်ညိုရွာဟောင်း လမ်းတံတား၊ တိန်ညိုရွာသစ်၊ အိုးထိမ်းရွာလမ်းဆုံ ၊ပြိုင်းတောင်ရွာ၊ တင်းထိန်ကန်ကျေးရွာထိပ်လမ်း၊ လိပ်ဆင်းပြင်ရွာ၊ အောက်သာကန်ရွာ၊ ရွှေကျင်ပြင်ရွာ၊ ပညာသည်ရွာ၊ သပြေကန်ရွာ၊ လယ်တောချောင်းစပ်၊ သင်္ချိုင်းနေရာ စသည့် လက်နက်ကြီး ပစ်မှတ်များကို ပစ်မှတ်ဒီဂရီ၊ အကွာအဝေး၊ အသုံးပြုရမည့် ယမ်းအားတို့နှင့်အတူ အသေအချာ စနစ်တကျ တွက်ချက်ထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါပစ်မှတ်ဆိုင်းဘုတ်များထဲတွင် (၁) ခမ (ET- 108907 ၊ (၂) သပြေကန်ရွာ၊ (၃) ၃၀၈ ဒီဂရီ၊ (၄) မီတာ ၁၇၀၀ ၊ (၅) ယမ်းအား- ၃ ဟူ၍ တွက်ချက်မှုများကို ဖော်ပြထားသည်ဟု ဆိုသည်။ အလားတူ အနီးကျေးရွာများသို့ ပစ်မှတ်တွက်ချက်မှုများ အသီးသီးကို အဆင်သင့် စိုက်ထူထားသည်ဟုလည်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခုလိုရွာတွေကို ပစ်ဖို့အတွက် သီးသန့်ကိုလုပ်ထားတာက သူတို့ (စ်ကောင်စီတပ်) က ပြည်သူတွေကို သေကြေရအောင် ရည်ရွယ်ချက်ထားပြီးသားဆိုတာ ပေါ်လွင်တာပေါ့” ဟု ပြောဆိုသည်။
ရခိုင်တိုက်ပွဲစတင်ပြီး နိုဝင်ဘာလ ၁၅ ရက် ညဥ့်အချိန်ကပင် မြောက်ဦးမြို့နယ်၊ တိန်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အဆိုပါရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့စွန့်ခွာသွားသည့်နေရာတွင် ပြည်သူလူထုနေသည့် ကျေးရွာများသို့ ပစ်ခတ်ရန် တွက်ချက်ထားသည့် အထောက်အထားများကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက် အထိ ၈ ရက် အတွင်း အရပ်သား ၁၆ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅၀ ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော် အထိ ရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
သို့သော် အကြမ်းဖက်စစ်ကောင်စီတပ်က ရခိုင်ပြည်သူများနေထိုင်ရာ မြို့ပြ၊ ကျေးလက်၊ ရွာငယ်ဇနပုဒ်ပါ မကျန် လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဉ်ပစ်ခတ်နေသည်ကို တမင်ဖုံးကွယ်ပြီး မြန်မာတပ်မတော်သည် ပြည်သူများနေထိုင်ရာ နေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာက နိုဝင်ဘာလ ၃၀ ရက်က သတင်းထုတ်ပြန်ထားသည်။
နိရဉ္စရာ ပေးပို့သည်။