မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါဒေသခံကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး မတ် ၂၆ ရက်နေ့တွင် အလောင်းပြန်ပေးခဲ့သည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသူသည် စလင်းမြို့နယ် အောက်လှိုင်းရွာသား ကိုနေလင်းမောင်ဆိုသူဖြစ်ပြီး ၎င်းသည်စျေးရောင်းသွားချိန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“ကောင်လေးက ဈေးသည်၊ ဈေးရောင်းသွားတာကို ထောက်ပို့ဆိုပြီး ဖမ်းဆီးရိုက်နှက်တာကနေ လက်လွန်ပြီး သေဆုံးသွားတာပါ။ သေဆုံးတဲ့အလောင်းကိုတော့ ဓာတ်ပုံပေးမရိုက်ဘူးလို့ပြောတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် စလင်းမြို့နယ်အတွင်း အင်အားဖြည့်တင်းတာ ပြုလုပ်နေပြီး မတ်လ ၃၀ နှင့် မတ် ၃၁ ရက်နေ့တို့က အင်အား ၁၂၀ ဝန်းကျင်ဖြင့် ကုန်းခြား၊ ငလှိုင်းတွင်းကျေးရွာများကို ဖြည့်တင်းထားသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။
မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅၀၀၀ နီးပါး ရှိနေပြီဖြစ်ပြီး မကွေးတိုင်းတွင် သတ်ဖြတ်ခံရလို့ သေဆုံးသူ ၃၀၀ ကျော်ရှိပြီး ထိုအရေအတွက်သည် မြန်မာနိုင်ငံအတွင်း တတိယ အများဆုံးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖော်ပြထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။