စလင်းစစ်ရှောင်များအတွက် ခြင်ထောင် အရေးပေါ်လိုအပ်နေ

By MPM 12 မေ, 2025 👁

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ စစ်ရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

လူဦးရေ ၉၀၀ ကျော်ရှိသည့် စစ်ရှောင်များသည် ခြင်ကိုက်ခံရပြီး ကျန်းမာရေးထိခိုက်မှုများရှိနေတာကြောင့် ခြင်ထောင်များ လိုအပ်နေခြင်းဖြစ်သည်။

“စစ်ရှောင်ရင်း ခြင်တွေကိုက်ပြီး ကျန်းမာရေး ထိခိုက်နေလို့ဗျ။ သောက်ရေလည်း အခက်အခဲဖြစ်ကြတယ်” ဟု ပကဖ စလင်းမှ တာဝန်ရှိသူက ပြောသည်။

စလင်းမြို့နယ် နေပူကန်ရွာနှင့် ကုက္ကိုလ်တန်းရွာမှ မီးဘေးသင့် စစ်ရှောင်အိမ်ထောင် ၁၅၇ စု လူဦးရေ ၉၀၀ ကျော်သည် မေလအတွင်း စစ်ကောင်စီစစ်ကြောင်းကြောင့် နီးစပ်ရာ ယာပြင်များတွင် ရှောင်တိမ်းနေကြရကြောင်း သိရသည်။

ရှောင်တိမ်းနေရသည့် စစ်ရှောင်များကို တစ်အိမ်ထောင်စုလျှင် ဆန် ၄ ပြည်နှုန်းဖြင့် ဆန် ၂၉ အိတ် သွားရောက်လှူဒါန်းခဲ့ကြောင်း မေလ ၁၁ ရက်တွင် ပကဖ စလင်းက ထုတ်ပြန်ထားသည်။

စလင်းမြို့နယ် နေပူကန်ရွာကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် မီးရှို့ခဲ့ပြီးနောက် နေပူကန်ရွာနှင့် ကုက္ကိုလ်တန်းရွာမှ နေအိမ် ၁၅၇ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။