စစ်အုပ်စုအား ပူးပေါင်းတိုက်ခိုက်ရေးအတွက် SCEF နှင့် AA တွေ့ဆုံမှုက အရေးပါလာနိုင်ဟုဆို

By MPM 30 ဇူလိုင်, 2026 👁 74

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ အာရက္ခတပ်တော် (ULA/AA) တို့သည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် SCEF မှ အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့အပါအဝင် နှစ်ဘက်အဖွဲ့အစည်းမှ နောက်ထပ် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း ဇူလိုင် ၂၆ တွင် SCEF က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုတွင် ရခိုင်က ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စများအပါအဝင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းများနှင့် ရှေ့ဆက်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များပါဝင် ကြောင်း ထုတ်ပြန်ထားသော်လည်း အသေးစိတ်အချက်အလက်များ မပါဝင်ပေ။

သို့သော်လည်း SCEF နှင့် ULA/AA တို့‌ တွေ့ဆုံမှုသည် တော်လှန်ရေးအင်အားစုများအကြား စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာလာစေမည်ဖြစ်ပြီး စစ်အုပ်စုကို ပူးပေါင်းတိုက်ခိုက်ရေးအတွက် အရေးပါသည့် အလားအလာတစ်ခုဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

“အခု ဒီတွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် ပူးပေါင်းမှုအထိပေါ့။ SCEF ထဲကို AA လည်း ပါသွားတာမျိုး၊ ဒါမှမဟုတ်လည်း SCEF နဲ့ AA ပူးပေါင်းတဲ့ပုံစံမျိုး ဖြစ်သွားမယ်ဆိုရင်ကိုပဲ စစ်တပ်ကို တိုက်ခိုက်မယ့် တော်လှန်ရေးအင်အားစုတွေ စည်းလုံးသွားမယ့် အနေအထား၊ ဒါမှမဟုတ်လည်း ပေါင်းစည်းသွားမယ့် အနေအထားပေါ့။ တရားဝင် မဟာမိတ်အဖြစ် စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းတွေ တွဲဖက်ဖော်ဆောင်နိုင် လာလိမ့်မယ်လို့ ကျနော်တို့တော့ အဓိပ္ပာယ်ဖော်မိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

အခြားတစ်ဘက်တွင် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုသည့် စစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံနေသည့် အခြေအနေတွင် SCEF နှင့် ULA/AA တို့၏ နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် SCEF နှင့် ULA/AA တို့၏ တွေ့ဆုံဆွေးနွေးမှုသည် စစ်အုပ်စုအတွက် စစ်ရေးနှင့် နိုင်ငံရေး ဖိအားတစ်ခု ဖြစ်လာနိုင်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း SCEF အတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ကိုခိုင်ဆာက ရှုမြင်သည်။

“အခု တော်လှန်ရေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တွန်းအားအပေးဆုံး၊ အောင်မြင်မှုအရဆုံးနဲ့ ပုံရိပ်အကောင်းဆုံးဟာ အာရက္ခတပ်တော်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့်မို့ SCEF နဲ့ အာ ရက္ခတပ်တော်တို့ရဲ့ ဆွေးနွေးမှုဟာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ်၊ ပူးပေါင်းပါဝင်နိုင်ခဲ့မယ်ဆိုရင် SCEF အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ မြင်ပါတယ်” ဟု ကိုခိုင်ဆာက ပြောသည်။

သို့သော်လည်း မြန်မာနိုင်ငံရှိ တော်လှန်ရေးအင်အားစုများထဲတွင် တရုတ်နှင့်နီးစပ်သော အဖွဲ့အစည်းများနှင့် အမေရိကန်ကဲ့သို့ အနောက်နိုင်ငံများကိုအားကိုးသော အဖွဲ့အစည်းများအပါအဝင် နိုင်ငံရေး မူဝါဒကွဲလွဲမှုများလည်း ရှိနေကြသောကြောင့် SCEF အနေဖြင့် ဘုံသဘောတူညီချက်ဆိုင်ရာ တည်ဆောက်နိုင်မည့်အပေါ် စောင့်ကြည့်ရန်လိုအပ်ကြောင်း ကိုခိုင်ဆာက ဆက်ပြောသည်။

SCEF တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် KARENNI ကိုယ်စားပြု အဖွဲ့အစည်းတို့ ပါဝင်သည်။

လက်ရှိတွင် KIO၊ KNU၊ CNF နှင့် KARENNI တို့သည် NUG ၏ PDF တပ်ဖွဲ့များအပါအဝင် အခြား မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ပါ ပူးပေါင်း၍ စစ်အုပ်စုကို တိုက်ပွဲဖော်ဆောင်နေကြခြင်း ဖြစ်သည်။

CDM ဗိုလ်ကြီးဇင်ယော်က “လက်ရှိ SCEF ထဲမှာ ပါတဲ့ အဖွဲ့တွေကလည်း တိုက်ပွဲတွေဖော်ဆောင်နေပြီး ပြင်းထန်နေတဲ့နေရာတွေများတယ်။ ဒါပေမဲ့ အဲဒီနေရာတွေက ဧရာဝတီ အရှေ့ဘက်အခြမ်း ဒေသတွေဖြစ်တယ်။ အခု အာရက္ခတပ် ဖော်ဆောင်နေတာက ဧရာဝတီမြစ် အနောက်ဘက်အခြမ်း၊ အဲတော့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း စစ်ဆင်ရေးတွေကို ပေါင်းကူးပြီး လုပ် လာနိုင်မယ့် အနေအထားမျိုး။ အဲတော့ မြန်မာပြည်ရဲ့ အရှေ့နဲ့ အနောက်ဘက်တွေကို စစ်ဆင်ရေးတွေ ဖော်ဆောင်ပြီးခါမှ နေပြည်တော်ကို ဦးတည်မယ့် အနေအထားမျိုးလို့ မှန်းဆရပါတယ်” ဟု ဆက်၍ သုံးသပ်သည်။

လက်ရှိ ရခိုင်ဒေသအပါအဝင် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများဖော်ဆောင်နေသော ULA/AA နှင့် SCEF တွေ့ဆုံမှုသည် အာဏာသိမ်းစစ်တပ်အတွက် ခြိမ်းခြောက်မှုဖြစ် စေသကဲ့သို့ နိုင်ငံတကာမှလည်း သတိထားစောင့်ကြည့်ရမည့် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။

အခြားတစ်ဘက်တွင် ယခု ဇူလိုင်လအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက် ဖျက်ရေး) – NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) စသည့် အဖွဲ့အစည်းများကိုလည်း SCEF က တွေ့ဆုံခဲ့ကြောင်း သိရသည်။

DMG