စစ်အုပ်စုနှင့် တွေ့ဆုံစဉ် “ဝ” ပြည်နယ်ရရှိရေး UWSA  တောင်းဆို

By MPM 6 ဩဂုတ်, 2026 👁 41

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပန်ဆန်းမြို့ကို  ငြိမ်းချမ်းရေးအဖွဲ့ (NSPNC)  အလွတ်သဘောသွားရောက်တွေ့ဆုံခဲ့တဲ့  “ဝ” တပ်ဖွဲ့ဟာ နေပြည်တော်မှာ တရားဝင်လာရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေပြီဖြစ်တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ သြဂုတ် (၃) ရက်ကနေစပြီး (၄) ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း ဆိုပါတယ်။

မနေ့ကဆွေးနွေးမှုတွေထဲမှာတော့ UWSP ဘက်ကနေ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမယ့်အကြောင်းနဲ့  အခုလို ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထောက်ခံကြောင်းအပြင် ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေ ပါဝင်ခဲ့ကြပါတယ်။

NSPNC က “ဝ” တပ်ဖွဲ့ရဲ့ နိုင်ငံရေးလိုလားချက်တွေနဲ့ ပတ်သက်ပြီး  (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးဆွေးနွေးနေပြီး  အခုဒုတိယအကြိမ်တွေ့ဆုံမှုဟာ နှစ်ဖက်အဖွဲ့အကြားမှာ အဆင့်မြင့်တိုက်ရိုက်ဆက်သွယ်ဆက်ဆံနိုင်မှု ပိုမိုမြင့်တင်နိုင်ခဲ့ကြောင်း ဆိုထားပါတယ်။

နှစ်ရက်တာ ဆွေးနွေးမှုတွေထဲမှာလည်း “ဝ” တပ်ဖွဲ့ဘက်က  ဇွန်လကလိုပဲ “ပြည်နယ်ရရှိရေး” တောင်းဆိုမှုတွေ ဆက်လက်ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြရေးသားမှုတွေ ရှိနေပါတယ်။

ဆွေးနွေးပွဲကို (UWSP) ဘက်က ဒု-ဥက္ကဌ ဦးကျောက်ကော်အန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းအပြင် စစ်ဘက်ဆိုင်ရာခေါင်းဆောင် (၅) ဦးတို့ တက်ရောက်လာကြောင်း သိရပါတယ်။

ဦးမင်းအောင်လှိုင် အစိုးရရဲ့ ရက် (၁၀၀) အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၃) ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရှမ်းနီအသံ