စစ်အုပ်စုတပ်၏ ဘီးလင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၅ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

By MPM 14 အောက်တိုဘာ, 2026 👁 104

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ KNU တပ်မဟာ (၁) နယ်မြေ၊ အလူးကြီးကျေးရွာကို စစ်အုပ်စုတပ်က တိုက်ခိုက်ခဲ့၍ ဒေသခံ ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ဘီးလင်းမြို့အခြေစိုက် ခမရ (၃) တပ်ရင်းက လက်နက်ကြီး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ဆိုသည်။

ထို့နောက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် စစ်အုပ်စုက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်ရှိ အခြေအနေက ဒီမနက်တော့ သေသွားတဲ့ သူတွေကို အသုဘချမယ်။ ငါးလောင်းပေါ့။ ရန်ကုန်က ဧည့်သည်တယောက်ပါတယ်။ ကျန်တဲ့ဟာက ရွာသားတွေပေါ့၊ နယ်မြေခံပေါ့” ဟု KNU တပ်မဟာ (၁) နယ်မြေ၊ ထောက်ပို့တာဝန်ခံ နော်ချိုချိုသိန်းက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း နေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာတွင် စစ်အုပ်စု တပ်မ (၄၄) က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

လက်ရှိတွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ပြုလုပ်ကြရန်နှင့် အထူးသတိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေး အင်အားစုများက အသိပေး နှိုးဆော်ထားကြသည်။

မဇ္ဈိမ