စစ်အာဏာသိမ်းမှု ငါးနှစ်ပြည့်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဥ်းထောင်မှ အကျဥ်းသူများက အကျဥ်းသားများ အခွင့်အရေးအတွက် ဆန္ဒပြခဲ့ကြကြောင်း အကျဥ်းကျသူ၏ မိသားစုနှင့် နီးစပ်သူကဆိုသည်။
အကျဥ်းသူ ၂၀၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခန့်တွင် သွေးသစ္စာသီချင်း သံပြိုင်သီဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် အမှုကြီး ကိုးမှုအပေါ် အပြစ်လျော့ပေါ့မှု ပြန်ပေးရန်၊ အကျဥ်းထောင်တွင်း အရေးပါသည် တန်းစီးကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အကျဥ်းသားနှင့် အကျဥ်းသူများကို တန်းတူအချိုးကျ နေရာပေးရန်နှင့် အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေးတို့ တောင်းဆိုခဲ့သည်ဟု ဆိုသည်။
“သူတို့ရဲ့တောင်းဆိုချက်တွေကို ထောင်ပိုင်တွေဆီမှာပို့ပေးထားပြီးသား။ ဒီနေ့က အာဏာသိမ်း ငါးနှစ်မြောက်လည်းဖြစ်တော့ ထပ်ပြီးပြန်တောင်းဆိုတာ၊ ထောင်အာဏာပိုင်တွေဘက်က တုံ့ပြန်တာကိုတော့ မသိရသေးဘူး” ဟု အကျဥ်းကျခံနေရသူ၏ မိသားစုနှင့် နီးစပ်သူက မဇ္ဈိမ ကိုပြောသည်။
တောင်းဆိုချက်များကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတက်နေ့) နောက်ဆုံးထားပြီး သဘောတူပေးရန်နှင့် လိုက်လျောခြင်းမရှိပါက နှစ်ဆန်း ၂ ရက်နေ့ကို မြန်မာနိုင်ငံတဝန်းအကျဥ်းထောင် များ၏ သပိတ်နေ့အဖြစ်သတ်မှတ်ကာ ဆက်လက်တောင်းဆိုသွားရန် အကျဥ်းသူများက စီစဥ်ထားသည်ဟု ၎င်းကဆိုသည်။
အကျဥ်းထောင်စည်းကမ်းလိုက်နာသူများအပါအဝင် နေ့ကြီးရက်ကြီးများတွင် အကျဥ်းသားများကို ထောင်ဒဏ်ကျခံရသည့်ရက်ကို လျော့ပေါ့ပေးလေ့ရှိသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက် အမှုကြီးကိုးမှုဖြစ်သည့် လူသတ်၊ မုဒိမ်း၊ လုယက်၊ ဓါးပြ၊ ပြန်ပေး၊ ဖောက်ထွင်း၊ တိရိစ္ဆာန်ခိုးမှု၊ မီးရှို့မှုနှင့် လက်နက်ဥပဒေပုဒ်မဖြင့် ထောင်ကျသူများကို ပြစ်ဒဏ်လျော့ပေါ့ခြင်း မရှိတော့၍ ယင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင်အကျဥ်းထောင်အတွင်း အကျဥ်းသားများကို ပြန်လည်အုပ်ချုပ်ရသော တန်းစီးနေရာအပါအဝင် ထောင်တွင်း လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အကျဥ်းသူ အရေအတွက် တိုးမြင့်ပေးရန် တောင်းဆိုထားသည်။
တရားမျှတသော တောင်းဆိုမှုဖြစ်သဖြင့် ထောင်အာဏာပိုင်များက လိုက်လျောပေးကြရန်နှင့် ဆန္ဒပြသူများ အပေါ် အကြမ်းဖက်နှိပ်စက်ခြင်း၊ ထောင်ဝင်စာပိတ်ခြင်းနှင့် တိုက်ပိတ်အပြစ်ဒဏ်များ ပြုလုပ်နိုင်သဖြင့် ပြည်သူအများအနေဖြင့် စောင့်ကြည့်ဝိုင်းရံပေးကြရန် အကျဥ်းကျခံနေရသူ၏ မိသားစုနှင့် နီးစပ်သူက မေတ္တာရပ်ခံသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လျော့ရက်မပေးချင်တာနဲ့ အမှုကြီးသမားတွေကိုပါရောပြီး ကန့်သတ်ထားတာဖြစ်တယ်။ ဒါဟာ ထောင်တွင်းမှာ အကျဉ်းသားအချင်းချင်းကြား ရန်တိုက်ပေး သလို ဖြစ်နေတယ်” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက သုံးသပ်သည်။
အကျဥ်းကျ နိုင်ငံရေးအကျဥ်းသားများကို လွတ်ငြိမ်းဖြင့် လျော့ပေါ့ပေးပါက လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်နေသည့် လက်ရှိအနေအထားတွင် စစ်ကော်မရှင်အတွက် အန္တရယ်ရှိလာနိုင်၍ ထိုသို့ ပြစ်ဒဏ်နှစ်အပြည့် နေခိုင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
မော်လိုက်ထောင်တွင် ကလေးမြို့နယ်အပါအဝင် ချင်းပြည်မြို့နယ်များဖြစ်သည့် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့နယ်များအပြင် ကလေးဝ၊မင်းကင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း၊ ခန္တီး စသော မြို့နယ်များမှ အပြစ်ဒဏ်ခံရသူများ စုစုပေါင်း ဦးရေ ၁,၆၀၀ခန့်ရှိပြီး ၎င်းအထဲတွင် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူဦးရေ ၅၀၀ ခန့်ရှိကြောင်းသိရသည်။
စစ်အုပ်စုက အာဏာသိမ်းပြီချိန်မှစ၍ ၂၀၂၆ခု ဇန်နဝါရီ ၃၁ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း ၃၀,၃၅၇ ဦးဖမ်းဆီးခံရပြီး ၎င်းအထဲတွင် ကလေး ၆၃၁ ဦးနှင့် အမျိုးသမီး ၆,၂၄၉ ဦးတို့ပါဝင်ကြောင်း နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် ထုတ်ပြန်ထားသည်။
မဇ္ဈိမ
