မွန်- ကရင် ဂျိုင်းမြစ်ဒေသတလျှောက်ရှိ တိုက်ပွဲပြင်းထန်ခဲ့သည့် ကျေးရွာနှင့် လယ်ခင်း၊ ယာခင်းတို့အတွင်း စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ ပြန့်ကျဲနေခြင်းကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေရသည် ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို တာဝန်ယူရှင်းလင်းပေးခြင်း မရှိသည့်အပြင် စစ်ကောင်စီမှ တစ်ရွာနှင့်တစ်ရွာ အသွားအလာ ကန့်သတ်ထားမှုတို့ကြောင့် ဒေသခံတောင်သူများ လယ်ယာလုပ်ငန်း စတင်လုပ်ကိုင်ရန် တုံ့ဆိုင်းနေရသည်ဟု တရနာဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“လက်နက်ကြီးပစ္စည်းတွေ ကျန်နေတာတွေ့ရတော့ လယ်ဆင်းဖို့ တုံ့ဆိုင်းနေတယ်။ စစ်သားတွေက လာမရှင်း ပေးဘူး။ သူတို့ကိုခေါ်တော့ သူတို့ဟာ မဟုတ်ဘူးဆိုပြီး ပြောတယ်။ ဒီနှစ် ကျမတို့လယ်လဲ မလုပ်ဖြစ်ဘူး။ ပြီးခဲ့တဲ့ လကဆို လယ်ထဲ သွာဖို့ ကန့်သတ်ထားတာ လက်နက်အကြွင်း မကျန်တဲ့ လယ်ယာတွေဆို နောက်နှစ်စားဖို့ လောက်ပဲ ကြဲစိုက်ထားတယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
ထို့အခြေအနေများကြောင့် ဂျိုင်းမြစ်ဒေသတလျှောက်တွင်ရှိသည့် ဓမ္မသ၊ သံကလောင်၊ ကျွန်းကုန်းပိုင်း၊ တရနာ ကျေးရွာ တို့တွင် မိုးစပါးကို စားသုံးရန်အတွက်သာ ပျိုးကြဲစနစ်ဖြင့် စိုက်ပျိုးနေကြသည်ဟု သိရသည်။
ယင်းအပြင် အဆိုပါ စစ်လက်နက်အကြွင်းကျန်ပစ္စည်းများ အများအပြား ကျန်ရှိနေသည့် ကျေးရွာနှင့် နေအိမ်၊ ခြံဝင်းအတွင်း ရှင်းလင်းရေး လုပ်ဆောင်ပေးလိုပါက စစ်ကောင်စီတပ်ဖွဲ့ထံ အခကြေးငွေ ပေးဆောင်ရသည်ဟု လည်း ဓမ္မသဒေသခံတစ်ဦးက ပြောသည်။
“အိမ်ထဲမှာ ကျန်နေတယ်၊ ခြံထဲ၊အိမ်ထဲမှာလဲ ကျန်နေတယ်၊ သူတို့ကိုခေါ်ပြီး ပိုက်ဆံပေးရင် လာသိမ်းပေးတယ်။ မပေါက်ကွဲရသေးတဲ့ ဟာတွေရောပဲ ကျန်နေတယ်။ တချို့အိမ်က ကိုယ့်ဘာကိုယ်ပဲ ဖယ်ပြီး နေကြတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ဘေးရှောင်ဒေသခံများ နေရပ်သို့ ပြန်လာမည်ဆိုပါက ကျေးရွာနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ နေရာမှ ဖယ်ရှားပေးမည် ဆိုသော်လည်း လက်ရှိအချိန်ထိ စခန်းချ၍ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
နေရပ်ကို ပြန်လာသူများကို လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် စစ်လက်နက် အကြွင်းအကျန်တို့ကိုလည်း ၎င်းတို့၏ပစ္စည်း မဟုတ်ဟုဆိုကာ ရှင်းလင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ကျိုက်မရောမြို့နယ်တွင် ယခင်က နွေစပါးနှင့် မိုးစပါး နှစ်မျိုးစလုံး စိုက်ပျိုးလျှက်ရှိပြီး စစ်ရေးပဋိပက္ခနှင့် နယ်မြေလုံခြုံမှု မရှိခြင်းတို့ကြောင့် မိုးစပါးအထွက်နှုန်းသည် စားသုံးရုံမှသာ ရရှိမည်ဟု ဒေသခံတောင်သူများက သုံးသပ်လျှက်ရှိသည်။
IMNA ပေးပို့သည်။