စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်းတွင် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ရန်ကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် စစ်ရှောင်ရက်ကြာမြင့်လာသည်နှင့်အမျှ စားသောက်ရေးနှင့် နေထိုင်ရေး အခက်ကြုံနေကြောင်း သိရသည်။
မေလ ၂ ရက်နေ့မှစတင်ကာ စစ်အုပ်စုတပ်က အင်အား ၈၀၀ ခန့်ဖြင့် ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဒေသခံ ၂၀,၀၀၀ နီးပါး စစ်ရှောင်နေရခြင်းဖြစ်သည်။
“စစ်ရှောင်ရတာ တလပြည့်ခါနီးပါပြီ။ နိုင်သလောက် သယ်လာတဲ့ ဆန်၊ ဆီကလည်း ကုန်သလောက်ဖြစ်နေပြီ။ သောက်သုံးရေရှားတာ ပိုပြီး ခက်ခဲပါတယ်။ လက်လုပ်လက်စားတွေဆိုတော့ အလုပ်မရှိဘဲ ထိုင်စားနေလို့ အဆင်မပြေဖြစ်တာပေါ့” ဟု ကနီဒေသခံ စစ်ရှောင်အမျိုးသားတဦးက ဆိုသည်။
ကနီမြို့နယ်တွင် စစ်အုပ်စုတပ်က မုံရွာ-ကနီ–ယာကြီး လမ်းဆုံတွင် အထိုင်ချတပ်စွဲကာစစ်ကြောင်းများခွဲ၍ တရွာဝင် ၊ တရွာထွက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထို့အပြင် ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်ကြောင်းသည်လည်း ကနီမြို့နယ် ၃၂ မိုင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။
“စစ်တပ်စစ်ကြောင်းက တရွာဝင်တရွာထွက် ပြည်သူပိုင် ပစ္စည်းတွေကို ယူနေကြတယ်။ PDF တွေဘက်က တိုက်ခိုက်မှုလုပ်တာ မရှိသေးပါဘူး။ စစ်တပ်က ဒေသခံတွေကို ရွာအတွင်း ပြန်လည်နေထိုင်ဖို့ စည်းရုံးရေးလုပ်ဆောင်နေတယ်။ အချိန်ကြာလာရင်တော့ အများစုက ပြန်နေကြမယ့် အခြေနေရှိတယ်” ဟု ချောင်းမ ဒေသခံအမျိုးသားတဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ စစ်အုပ်စုတပ်ရန်ကို ကြောက်ရွံ၍ ကနီမြို့နယ်အတွင်းက ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ စတဲ့ကျေးရွာ ၁၇ ရွာမှ ဒေသခံ ၂၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်းနေရခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များနှင့်အတူ ကနီမြို့နယ်နှင့် ထိစပ်နေသည့် ဘုတလင်၊ ယင်းမာပင်၊ ဆားလင်းကြီး စသည့်မြို့နယ်များကိုလည်း စစ်အုပ်စုတပ်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည့် ဖြစ်စဉ်များရှိသည်။
မဇ္စျိမ