စစ်ဘေးရှောင်အရေးအပါအဝင် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းရေးတွေနဲ့ ပတ်သက်ပြီး ZORO အဖွဲ့နဲ့ Chinland Council ဆွေးနွေး

By MPM 1 ဧပြီ, 2026 👁 3

စစ်ဘေးရှောင် ကာကွယ်စောင့်ရှောက်ရေးအပါအဝင် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကိစ္စရပ်တွေကို မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) အဖွဲ့နဲ့ ချင်းပြည် (Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ မတ်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည် (Chinland) အစိုးရက ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ZORO အဖွဲ့ ဥက္ကဌ Pu R. Sangkawia နဲ့ ချင်းပြည် (Chinland) ကောင်စီက ဒုတိယဥက္ကဌ (၁) ဆလိုင်းမင်းညို နဲ့ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက် တို့ဟာ မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့မှာ မတ်လ ၃၁ ရက်နေ့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ ဆလိုင်းမျိုးထိုက်က “စည်းလုံးညီညွှတ်ရေးသည်သာ တော်လှန်ရေးအတွက် အကောင်းဆုံးသော အရာပါ ။ စည်းလုံးခြင်းသည်သာ အောင်မြင်ခြင်းရဲ့ လမ်းစပါ ညီညွှတ်မှ ပြည်သူအကျိုးလည်း ဒီထက်မက ဆောင်ရွက်နိုင်မှာဖြစ်တယ် အာဏာရှင်တော်လှန်ရေးမှာ မညီညွှတ်လို့ မရဘူး” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) အဖွဲ့အစည်းဟာ Zo (ချင်း) မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်းရေး ၊ နိုင်ငံနယ်နိမိတ်ကြောင့် သီးခြားနေရပေမယ့် တူညီတဲ့ လူမျိုး တစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းစေချင်တဲ့ ရည်ရွယ်ချက် နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မတ်လ ၃၀ ရက်နေ့ကလည်း မီဇိုးကျောင်းသားသမဂ္ဂ MZP ဥက္ကဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်သို့ ခိုလှုံနေရသည့် စစ်ဘေးရှောင်များအတွက် အထောက်အပံ့များ ရရှိရေး၊ အထူးသဖြင့် စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်အဆင့် မြင့်ပညာရပ်များကို ဆက်လက်သင်ကြားခွင့်ရရှိရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည်(Chinland) အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Chin World