စစ်တပ် လက်ချက်ကြောင့် ၆ လအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ဟု ကုလ ထုတ်ပြန်

By MPM 23 ဇွန်, 2026 👁 6

အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ၌ ပြည်သူများကို လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ အပါဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်လုပ်နေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှ စ၍ ၂၀၂၆ ဇန်နဝါရီလအထိ ၆ လတာအတွင်း အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ယမန်နေ့ (ဇွန်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သည့် အချိန်မှစ၍ မဲပေးမှုကာလ ပြီးဆုံးသည်အထိ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလက ယခုအစီရင်ခံစာကို ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၂၄ ဦးနှင့် ကလေးငယ် ၁၅၃ ဦး စုစုပေါင်း ၄၇၆ ဦး သေဆုံးခဲ့ကာ အရပ်သားသေဆုံးမှု စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများကို ဂျက်တိုက်လေယာဉ်များ၊ ဒရုန်း၊ ပါရာမော်တာများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားသေဆုံးမှု အမြင့်ဆုံးကာလသည် ဩဂုတ်လမှ စက်တင်ဘာလအထိ တစ်ကြိမ်၊ ဒီဇင်လာလမှ ဇန်နဝါရီလအထိ တစ်ကြိမ်စသည့် ကာလ ၂ ခုအတွင်း သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်အုပ်စုကို နိုင်ငံတကာမှ ကူညီပံ့ပိုးမှု လျော့နည်းလာခြင်းသည် ယခုကဲ့သို့ အခြေအနေ ဆိုးရွားရခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ပြီး စစ်တပ်၏ လမ်းခရီး ပိတ်ဆို့မှုများနှင့် ပြည်ပအကူအညီများ ဖြတ်တောက်ခံရမှုများကြောင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ခြေလည်း ကျဆင်းသွားကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်သူများအတွက် နိုင်ငံတကာ အသိုက်အဝိုင်းများအနေဖြင့် ကူညီပေးကြရန် တောင်းဆို လိုက်သည်။

“မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ လက်ချက်ကြောင့် ဒုက္ခမျိုးစုံ ခံစားနေရတဲ့အပြင် အခုအခါမှာတော့ ပြည်ပကလူတွေရဲ့ မေ့လျော့ခြင်းကိုပါ ခံနေရသလို ဖြစ်နေပါတယ်။ ဒေသအလိုက် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနိုင်မှုဟာ၊ စစ်တပ်ရဲ့ အမြဲတမ်း ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေကြားမှာ တခုတည်းသော အားကိုးရာ ဖြစ်ခဲ့တာပါ။ အခုလို အကူအညီတွေ ဆုတ်ခွာသွားတာဟာ မီးလောင်ရာ လေပင့်သလို ပြည်သူတွေရဲ့ ဒုက္ခတွေကို ပိုမို ကြီးထွားစေပါတယ်”  ဟု ဗော်လ်ကာတာ့ခ်က ဆိုသည်။

နိုင်ငံအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည့် အပြင် နေအိမ်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရစေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းပြင် စစ်တပ်သည် တိုက်လေယာဉ် ၊ ဒရုန်း၊ ပါရာမော်တာနှင့် ဂျက်ရဟတ်ယာဉ်များကို အသုံးပြု၍ တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိုအထဲတွင် အမျိုးသမီး ၁၈၇ ဦး၊ ကလေးငယ် ၁၁၂ ဦး ပါဝင်ပြီး စုစုပေါင်း သေဆုံးမှု၏ ၅၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အရပ်သားများကို ရည်ရွယ်ရှိရှိ လေကြောင်းတိုက်ခိုက်နေသည့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများကို အမြန်ဆုံးအရေးယူပေးရန် မိသားစု ဆုံးရှုံးခဲ့ရသူများက တောင်းဆိုနေကြသည်။

ကျောက်တော်ဒေသခံ ဒေါ်မခင်နုက “မင်းအောင်လှိုင်ကို အရေးယူပေးစေချင်တယ်။ သူက လူတွေကို သတ်ထာတာ များနေပြီ။ သူတို့က ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို ယုတ်မာနေတာ။ ပြည်သူကို သတ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက် ကျောက်တော်မြို့ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် ဒေါ်မခင်နုမိသားစုများအပါဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ နိုင်ငံတဝန်းစစ်ရေးရှုံးနိမ့်နေသည့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ၁,၄၀၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ၁,၀၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၅ အောက်တိုဘာ ၆ ရက်၊ ည ၈ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုတုံကျေးရွာမှ စာသင်ကျောင်းရှေ့တွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲ ကျင်းပနေကြသည့် လူအုပ်စုကို စစ်ဗျူဟာမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ချခဲ့သည်။

ယင်းကြောင့် အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၄ ဦး အပါအဝင် အရပ်သား ၂၃ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကုလထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်လက်၍ ပြည်ပမှ နိုင်ငံတကာအဖွဲ့အစည်းများသည် စစ်အုပ်စုကို လက်နက်နှင့် ခဲယမ်း မီးကျောက်များ ဆက်လက်ထောက်ပံ့ပေးနေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုဆိုးရွားလာအောင် တွန်းအားပေးခြင်းဖြစ်ကြောင်း ကုလက ထောက်ပြထားသည်။

DMG