စစ်တပ် ဗုံးကြဲမှုကြောင့် ဒဏ်ရာရ ရခိုင်ပြည်သူများ ဆေးဆက်ကုရန် အခက်ခဲဖြစ်နေ

By MPM 8 ဇူလိုင်, 2026 👁 53

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သားနေထိုင်သည့် ကျေးရွာများကို စစ်အုပ်စုက မကြာခဏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာသူများမှာ ဆက်လက် ဆေးကုသရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဗုံးကြဲခံရစဉ်က ဒဏ်ရာရသူတို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အခမဲ့ဆေးကုခွင့်ပေးပြီး အခြားအဖွဲ့အစည်းများက ငွေကြေးထောက်ပံ့ပေးမှုများလည်း ရှိခဲ့သည်။

သို့သော်လည်း ဒဏ်ရာများကို တာရှည်ကုသနေရသူများမှာ နောက်ဆက်တွဲတွင် အကူအညီများ မရရှိတော့၍ ဆေးဆက်လက်ကုသရန် အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။

“အစကတော့ ဆေးဝါးကုသမှုအတွက် အဖွဲ့အစည်းတွေဆီက အထောက်အပံ့တွေ ရပါတယ်။ အခုက ဆေးရုံက ဆင်းခဲ့ရပြီ ဆိုပေမဲ့ နောက်ထပ် သွားပြရတာတွေရှိတယ်။ ဆေးရုံကို နှစ်ပတ်တခေါက်သွားရပြီး မရှိရင် ရှိသလို ရှာကြံပြီး သွားရပါတယ်။ နောက်ဆုံးမှာ ပိုက်ဆံမရှိတော့ ဆေးရုံကို မသွားနိုင်တော့ဘူး။ ကျမတို့က တစ်ရက်လုပ်မှ တစ်ရက်စားရတာဆိုတော့ သွားလာရေး လမ်းစရိတ်တွေက အဆင်မပြေတော့ဘူး” ဟု ဒေါ်မိုးမိုးချေက ပြောသည်။

ဒေါ်မိုးမိုးချေတို့မိသားစုသည် ပုဏ္ဏားကျွန်းမြို့ခံများဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာတွင် စစ်ဘေးရှောင်နေကြသူများဖြစ်သည်။

အောင်ဖြူပြင်ကျေးရွာကို ၂၀၂၅ ခုနှစ်၊ မတ် ၂၅ ရက်က အာဏာသိမ်း စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းအထဲတွင် ဒေါ်မိုးမိုးချေမှာ မိဘနှစ်ဦးနှင့် အစ်ကိုတစ်ဦး သေဆုံးခဲ့ရပြီး သူမမှာလည်း ခြေထောက်နှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာများကို တစ်လတစ်ခါ ဆေးခန်းလာပြရန် ဆရာဝန်က မှာကြားထားသော်လည်း လမ်းခရီးစရိတ် မတတ်နိုင်ဖြင့် မသွားနိုင်ဖြစ်နေသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ ကိုခိုင်ကျော်ဌေးကလည်း “ဆေးခန်းတွေကို သွားမယ်ဆိုရင် ငွေသုံး၊ လေးသိန်းလောက် ကုန်ပါတယ်။ လူနာစောင့်က အနည်းဆုံး တစ်ဦး လိုအပ်ပါတယ်။ တုတ်တုတ်ချေ (သုံးဘီး) နဲ့ သွားမယ်ဆိုရင် တစ်ယောက်ကို အလားအလာ ငွေတစ်သိန်းကျော် ကုန်ကျပြီး နှစ်ယောက်ဆိုရင် သုံးသိန်းကျော်နဲ့ အထက် ကုန်ကျတာ ရှိပါတယ်။ အဲဒီငွေကို မတတ်နိုင်ဖြစ်နေကြတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးသူ ၁၈ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၁၀ ကျော်ထိ ရှိခဲ့သည်။

ယင်းအထဲတွင် ကိုခိုင်ကျော်ဌေး၏ ဘယ်ခြေထောက်နှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရခဲ့သည်။

ယခင်က ဆေးရုံတွင် ဆေးကုသစဉ် ငွေကြေးမပေးရသော်လည်း လုံခြုံရေးအခြေအနေကြောင့် ဒဏ်ရာအနည်းငယ်သက်သာသည်နှင့် ဆေးရုံတွင် ကာလတာရှည်နေခွင့်မပေးဘဲ မိမိတို့နေထိုင်ရာသို့ စေလွှတ်ခြင်းဖြစ်သည်။

ယင်းကနေ နှစ်ပတ်တစ်ခါ၊ သို့မဟုတ် လစဉ် ဆေးရုံက ဆရာဝန်ထံ သွားပြနေရခြင်းဖြစ်သည်။

ယင်းသို့ သွားရာတွင် ဆေးရုံဆေးခန်းများမှာ အလှမ်းဝေးကွာသဖြင့် သွားလာရေးစရိတ် မတတ်နိုင်၍ဖြစ်နေကြောင်း ပြောကြသည်။

ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိနေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပါဝင် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ကူညီထောက်ပံ့မှုများပေးရန် နစ်နာသူမိသားစုဝင်များက တောင်းဆိုနေကြသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များကို လေကြောင်းတိုက်ခိုက်နေ၍ အရပ်သားသေဆုံးဒဏ်ရာရမှုများလည်း နေ့စဉ်ရက်ဆက်ရှိနေပြီး ဆုံးရှုံးမှုလည်း များပြားနေသည်။

DMG