မကွေးတိုင်း၊ ယောဒေသတွင် အာဏာသိမ်းစစ်တပ်၏ လမ်းကြောင်းပိတ်ဆို့ထားမှုကြောင့် ဒေသခံ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်မှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း လူမှုကူညီရေးပေးနေသူများက ပြောသည်။
ယောဒေသ ဆောမြို့နယ်နှင့် လောင်းရှည် – ကျောက်ထု – ပေါက် လမ်းပိုင်းပေါ်တွင်ရှိသည့် ကျေးရွာပေါင်း ၂၅ ရွာနှင့် ဆောစစ်ဘေးရှောင်များမှာ စစ်တပ်၏ လမ်းကြောင်းပိတ်ဆို့မှုဒဏ်ကို အလူးအလဲ ခံနေရခြင်းဖြစ်သည်။
စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုး နေရာယူထားခြင်းကြောင့် စစ်ဘေးရှောင်နေကြသည်မှာ တစ်လကျော် ကြာမြင့်လာသည်နှင့် အမျှ အခြေခံစားသောက်ကုန်များ ပြတ်လပ်မည့် အခြေအနေနှင့် ကြုံနေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။
“စစ်တပ်က လမ်းကြောင်းတစ်လျှောက် နေရာယူထားတာရယ်။ စစ်ဘေးရှောင် လူဦးရေကလည်း များပြီး အချိန်ကလည်း ကြာလာတော့ ရိက္ခာအခဲတွေ ဖြစ်လာတယ်” ဟု ယောဒေသရှိ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်တပ်သည် ဆော၊ တပြင်းရွာနှင့် ကံချောင်းကျေးရွာတို့တွင် နေရာယူထားသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရသည်။
စစ်တပ်သည် ယောဒေသတွင် အထိုင်ချကာ ချင်းတောင်းပိုင်းကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ရေးလှုပ်ရှားမှုများနှင့် ကျေးရွာများသို့ စစ်ကြောင်းထိုးနေမှုများလည်း ရှိနေကြောင်း ပြောသည်။
ထို့အတူ တပြင်း၊ ရေရှင် ၊ ရေယဥ်၊ ကံချောင်း၊ နသိုး ၊ကျောက်ဆစ် စသည့် ကျေးရွာပေါင်း ၂၅ ရွာနှင့် ဆောမြို့ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
“တစ်ချို့နေရာတွေမှာ အနည်းအကျဥ်း အဆင်ပြေကြပေမဲ့ နေရာတော်တော်များက အခြေခံစားသောက်ကုန်တွေ ပြတ်လာနေပြီ။ ဆန်ရိက္ခာတွေ ခက်ခဲနေပြီဖြစ်လို့ အကူအညီပေးနိုင်သူတွေ အမြန်ဆုံး ကူညီပေးစေချင်တယ်” ဟု စစ်ရှောင်အရေး ကူညီပေးနေသူ ယောဒေသခံ နောက်တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ နီးစပ်ရာဆွေမျိုးနှင့် တောတောင်များ၊ အခြား စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတို့တွင် နေထိုင်ကြရခြင်းဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် လက်ရှိတွင် ဆောမြို့နှင့် ကံကြီးကျေးရွာကနေ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို စစ်ကြောင်းထိုးနေသဖြင့် ယောဒေသကို နောက်တန်းထားကာ စစ်ရေးအင်အား ဖြည့်တင်းမှုများ ရှိနေသည်။
လက်ရှိတွင် စစ်တပ်သည် ချင်းပြည်တောင်ပိုင်းက ဆုံးရှုံးမြို့များကို ပြန်လည်ထိန်းချုပ်နိုင်အောင် ကြိုးစားနေပြီး ကုန်စည်စီးဆင်းရာလမ်းကြောင်းများတွင် နေရာယူကာ ဒေသခံများကို ဖမ်ဆီးခြင်းနှင့် လမ်းခရီးပိတ်ဆို့ခြင်းတို့ကို လုပ်ဆောင်နေသည်။
DMG