စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် စစ်ရှောင်လူငယ်တစ်ဦးကို ပစ်သတ်

By MPM 13 ဇွန်, 2023 👁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က အသက် ၂၃ နှစ်အရွယ် စစ်ရှောင်လူငယ်တစ်ဦးကို ပစ်သတ်သွားကြောင်း ဒေသခံတွေက ပြောသည်။

သရက်ချောင်းမြို့နယ်ထဲရှိ ကနက်သီရိရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ဇွန် ၁၁ ရက် ညပိုင်းတွင် ရငဲရွာထဲသို့ ထပ်မံ ဝင်ရောက်လာပြီးနောက် နေအိမ်တွင် မိခင်အတွက် ဆေးဝါးလာပြန်ယူသည့် စစ်ရှောင်လူငယ် အသက် ၂၃ နှစ်အရွယ် ရငဲရွာသား ကိုဝေယံဟိန်းကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရငဲရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပုံစာ – စစ်ကောင်စီတပ် မီးရှို့လို့ ကျေးရွာအတွင်ရှိဒေသခံနေအိမ်များမီးလောင်ပျက်စီးခဲ့သည် (photo-CJ)

စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ်ထဲရှိ ကျေးရွာများကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ရငဲ၊ ကနက်သီရိ၊ ဝဲရစ်၊ သိမ်ကုန်း အပါအဝင် ကျေးရွာ ၇ ရွာခန့်က ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

တပ်အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန် ၉ ရက်က စပြီး သရက်ချောင်း မြို့နယ် ကနက်သီရိရွာနှင့် နတ်ဆိပ်ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်သည် ကျေးရွာ ၂ ရွာက ဒေသခံ ၄၀ နီးပါးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီးနောက် ကနက်သီရိရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသုတေသနအဖွဲ့ အစည်းများက ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။