စစ်ကောင်စီ လက်နက်ကြီးကြောင့် မယူကမ်း ဒေသခံများ ရွှေ့ပြောင်းနေရ

By MPM 16 ဒီဇင်ဘာ, 2025 👁

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းများမှ လက်နက်ကြီးများ အဆက်မပြတ်ပ စ်ခတ်နေခြင်းကြောင့် ရသေ့တောင်မြို့နယ် မယူမြစ်အနောက်ဖက်ခြမ်း မယူကမ်း ဒေသခံများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေရကြောင်း သိရသည်။

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ အငူမော်၊ ကုန်းတန်း၊ ဆင်ပိုက်၊ လောင်းချောင်း စသည့် ကျေးရွာများမှဒေသခံများမှာ ဒီဇင်ဘာ ၁၃ ရက်မှစ၍ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင် ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ စနေနေ့ကတည်းက ကလေးတွေ၊ သက်ကြီးပိုင်းတွေ အမျိုးသမီးတွေအပါအဝင် အများစုက လုံခြုံမယ့်နေရာတွေကို ထွက်ပြေးကြတာ။ တချို့လောက်ပဲ ကျန်ခဲ့တယ်။ လက်နက်ကြီးပစ်သံတွေ အရင်ထက် ပို ကြားရတယ်။ အထူးသဖြင့် ညဖက်တွေဆိုပိုဆိုးတာပေါ့။ ဒါကြောင့် ရှောင်ကြတာ” ဟု ပြောသည်။

မယူကမ်းဒေသမှ ကျေးရွာများမှာ စစ်ကောင်စီ၏ လက်နက်ကြီးများ ကျရောက်နိုင်သည့် အခြေအနေရှိနေသည့်အပြင် စစ်ကောင်စီနေဗီများမှ လက်နက်ကြီးပစ်ခတ်ခြင်းများလည်း မကြာခဏ ရှိနေသည်။

စစ်ကောင်စီသည် မြောက်ဦး ပြည်သူ့ဆေးရုံကို ဗုံးကြဲမှုနောက်ပိုင်း ရခိုင်ပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မယူကမ်းဒေသမှ ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသခံများက ဆိုကြသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များမှာ ရသေ့တောင်မြို့နယ် ကုန်းတွင်းပိုင်းနှင့် လုံခြုံမည့်နေရာများသို့ မိမိအစဉ်ဖြင့် ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။

“လုံခြုံမယ်လို့ ထင်တဲ့ နေရာတွေ၊ အဓိကတော့ စစ်တွေကနေ လက်နက်ကြီးပစ်လို့ မရောက်နိုင်တဲ့ နေရာတွေဆီ၊ ပြေးကြတာပါ။ ဆွေမျိုးရှိရာနေရာမှာ ကိုယ့်အစီစဉ်နဲ့ ကိုယ်ယာယီနေထိုင်ကြတယ်” ဟု မယူကမ်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်း အာရက္ခတပ်တော်ထိန်းချုပ် ဒေသမှ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦးနှင့် အရပ်သားနေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ရသေ့တောင် ဒေသခံများမှာလည်း စိုးရိမ်မှုမြင့်တက်နေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာပထမအပတ်ကလည်း စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာ စစ်ကောင်စီ တပ်ရင်းများက ပုဏ္ဏားကျွန်းမြို့နယ်သို့ လက်နက်ကြီးပစ်ခတ်သဖြင့် ကွန်းတောင်း၊ ငှက်ကြီးကျွန်း၊ ပဒေသာနှင့် အိုင်ဒင်ကျေးရွာ စသည့် ဒေသခံများမှာ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် မြောက်ဦးနှင့် ကျောက်ဖြူမြို့နယ်အတွင်း ယခု သတင်းပတ်အတွင်း အရပ်သား ၄၂ ဦး သေဆုံးပြီး ၈၇ ဦးထိ ထိခိုက်ဒဏ်ရာရခဲ့သည်။

“သူတို့ ရွေးကောက်ပွဲနီးလာလေ အကြမ်းဖက်တာတွေ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို စစ်ကောင်စီက ပိုလုပ်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ ကမ္ဘာမှာက ဒီမိုကရေစီ၊ လူ့အခွင့်အရေး စံနှုန်းတွေကို သိပ်တန်ဖိုးမထားကြတော့ဘူ။ ပင်မဖြစ်တဲ့ အမေရိကန်တောင် အလေးမထားတော့ ကုလသမဂ္ဂက အချက်အလက်တွေ ပြောပြရုံအပြင် သိပ်ထူးမှာ မဟုတ်ဘူးလို့မြင်တယ်။ ဒါပေမယ့် ကျနော်တို့ဖက်က အားရှိသလောက်တိုက်ခိုက်ရမှာပဲ” ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲမျှော်လင့်ချက်ဖြင့် ရခိုင်ပြည်အတွင်းမှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ ဂွ စသည့် မြို့နယ်တို့ကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ရန်ပြင်ဆင်နေပြီး အာရက္ခတပ်တော်ကလည်း သိမ်းပိုက်နယ်မြေများ လက်မလွှတ်ရရေး ပြင်ဆင်မှုများစွာ ပြုလုပ်နေခြင်းကြောင့် စစ်ရေးအရ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

DMG