စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက် နေ့အထိ တစ်လအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိသူ ၈၅ ဦး ရှိကြောင်း ကောက်ယူထားသည့် စာရင်းမှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၆၉ ဦး စုစုပေါင်း ၈၅ ဦး အထိရှိခဲ့သည်။
သေဆုံးသူများမှာ မင်းပြားတွင် ၃ ဦး၊ မြေပုံတွင် ၄ ဦး၊ အမ်းတွင် ၂ ဦး၊ ကျောက်တော်တွင် ၂ ဦးနှင့် မောင်တောတွင် ၁ ဦး၊ ပေါက်တောတွင် ၁ ဦးနှင့်၊ ကျောက်ဖြူတွင် ၁ ဦး၊ သံတွဲတွင် ၁ ဦးနှင့် ရမ်းဗြဲတွင် ၁ ဦး ဖြစ်ကြသည်။
ဒဏ်ရာရရှိသူထဲတွင် မင်းပြား ၁၇ ဦး၊ မြေပုံ ၃ ဦး၊ အမ်း ၂၄ ဦး၊ ကျောက်တော် ၅ ဦး၊ မောင်တော ၃ ဦး၊ ပေါက်တော ၉ ဦး၊ ကျောက်ဖြူ ၂ ဦး၊ သံတွဲ ၃ ဦး၊ ရမ်းဗြဲ ၁ ဦး နှင့် စစ်တွေ ၂ ဦး ဖြစ်သည်။
(ယခုဖော်ပြခဲ့သော ထိခိုက်ဒဏ်ရာရ သေဆုံးမှုစာရင်း အရေအတွက်မှာ လက်လှမ်းမီသမျှ ကောက်ယူထားသော စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ များပြားနိုင်ပါသည်။)
AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များအပါအဝင် ရခိုင်ဒေသက မြို့နယ်အနှံ့အပြားကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေခြင်း ဖြစ်သည်။
ဧပြီလ ၃၀ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးက “မြေပြင်တိုက်ပွဲတွေမှာ AA ကို မတိုက်နိုင်လို့ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှု အများကြီးရှိလာတာ။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်ကောင်စီကို ဖိအားပေးဖို့လိုတယ်။ မဟုတ်ရင် ပြည်သူတွေ အများကြီး နစ်နာအုံးမယ်” ဟု ပြောသည်။
လူ့အသက်ပေါင်းများစွာကို တနေရာတည်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လေကြောင်းပစ်ခတ်မှုကို အလွန်အကျွံအသုံးပြုနေသည့် စစ်ကောင်စီကို လေယာဉ်ဆီမရောင်းချရန် ယခု ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးဒဏ်ရာရရှိသူများထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ အပါအဝင် အိမ်ထောင်ဦးစီးများ ပါဝင်သဖြင့် ၎င်းတို့မှာ မိသားစုဘဝ ရပ်တည်ရေးအတွက် စိန်ခေါ်မှုများ ရှိနေကြသည်။
“စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘာအပြစ်မှမရှိတဲ့ ကလေးတွေ၊ အရပ်သားတွေ ထိခိုက်သေဆုံးရတယ်။ အဲဒီထဲမှာ အိမ်ထောင်ဦးစီးတွေ ထိခိုက်သေဆုံးတာလည်း အများကြီးရှိတယ်။ သူတို့ထိခိုက်သွားတော့ မိသားစု စားဝတ်နေရေးကို တော်တော်သက်ရောက်မှုရှိတယ်” ဟု ရခိုင်က လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေး အဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်း မပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် ပြဌာန်းထားသည်။
ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) စာရင်းအရ ရခိုင်တိုက်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက် အထိ ၄ လ ကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိသည်။
အောင်ထိန် (DMG) ပေးပို့သည်။