ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ၏ ကျောက်တန်းစစ်ဆေးရေးဂိတ်၌ အချိန်ကြာမြင့်စွာစစ်ဆေးခဲ့လို့ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်မည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ဗိုက်ထဲမှကလေးပါ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ မခင်ခင်လင်း (၂၉) နှစ်ဆိုသူဖြစ်ပြီး ကိုယ်ဝန် ၈ လခန့်လွယ်ထားပြီး နှလုံးရောဂါအခံ ရှိသူလည်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ည ၁၀ နာရီကျော်က အဆိုပါကိုယ်ဝန်ဆောင်မိခင်သည် ရုတ်တရက် အသက်ရှူ မွန်းကျပ်လာသဖြင့် စစ်တွေဆေးရုံကြီးသို့ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်စဉ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုကြန့်ကြာခဲ့သည့်အတွက် ဆေးရုံကိုအချိန်မီမရောက်ဘဲ လမ်းတွင်သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“မနေ့က (အောက်တိုဘာ ၂၀ ရက်) ညပိုင်းမှာ ရုတ်တရက်အရေးပေါ် အခြေအနေကြောင့် စစ်တွေဆေးရုံကို ပို့တာပါ။ ကျောက်တန်းဂိတ်လည်းရောက်တော့ ကျွန်တော်တို့တုတ်တုတ်ကို လက်ပြတားထားတယ်။ ပြီးတော့ ကိုယ်ဝန်သည် နာမည်တွေ၊ နေရပ်လိပ်စာတွေ၊ ယာဉ်ပေါ်ပါသူတွေကိုလည်း စစ်ဆေးပါတယ်။ အဲဒီမှာအချိန်က မကြာသင့်ဘဲ အရမ်းကြာသွားရတယ်။ အချိန်အတိအကျ မသိပေမယ့် တစ်နာရီလောက်တော့ ကြာတယ်” ဟု ၎င်းက ပြောသည်။
စစ်ဆေးရေးဂိတ်တွင် ၄င်းတို့ကို ရပ်တန့်စစ်ဆေးချိန်၊ အထက်တာဝန်ရှိသူများကို သတင်းပို့နေသည့်အချိန်သည် အနည်းဆုံး တစ်နာရီနီးပါး ကြန့်ကြာခဲ့ကြောင်း၊ ထိုအချိန်အတိုင်းအတာမှာ လူနာအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရောက်ရှိရန် အချိန်လုံလောက်သည်သာမက ဆေးကုသခွင့်ရရှိဖို့လည်း အချိန်လုံလောက်သဖြင့် ယခုကဲ့သို့ အချိန်အကြာမြင့်စွာ စစ်ဆေးခဲ့မှုအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း မိသားစုဝင်က ပြောသည်။
အဆိုပါမိသားစုဝင်က “ဆေးရုံကိုရောက်တော့ အသက်မရှိတော့ပါဘူး။ ဆရာဝန်တွေကတော့ ဘယ်အချိန်က ထွက်လာတာလဲ။ ဘယ်လောက်တောင် ကြာခဲ့လဲလို့ မေးကြပါတယ်။ သူတို့ပြောပုံအရဆို ဆေးရုံရောက်တာ နောက်ကျတယ်လို့ ထင်တယ်” ဟု ပြောသည်။
သေဆုံးသူ မခင်ခင်လင်းကိုယ်ဝန်မှာ ၈ လ ခန့် ရှိပြီဖြစ်ပြီး သားဖွားဆရာဝန်က ၉ လနှင့် ခွဲစိတ်ပြီးမွေးရမည်ဟု ပြောဆိုထားသည်ဟု မိသားစုဝင်များက ပြောဆိုသည်။
မခင်ခင်လင်း၏ အလောင်းကို ခွဲစိပ်ခဲ့ရာတွင် ကိုယ်ဝန်မှာ မိန်းကလေးဖြစ်သော်လည်း ကလေးငယ်ပါ သေဆုံး သွားကြောင်းနှင့် ၎င်း၏ရုပ်အလောင်းကို အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် သင်္ဂြိုဟ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။
ယခုကဲ့သို့ အချိန်ကြာမြင့်စွာ စစ်ဆေးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်လို့ မရခဲ့ပါ။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ လက်နက်ကြီးကျ၍ ဒဏ်ရာပြင်းထန်သူ တချို့အား စစ်တွေဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်စဉ် အဆိုပါစစ်ဆေးရေးဂိတ်တွင် အချိန်ကြာမြင့်စွာ စစ်ဆေးခဲ့သည့်အတွက် ဒဏ်ရာပြင်းထန်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် ၂ဝ၁၈ ခုနှစ်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပြီးနောက် ဒေသခံများကို စစ်ဆေးမှု ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိ၌ တိုက်ပွဲများ ရပ်စဲနေချိန်တွင်လည်း စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ အဆိုပါဂိတ်အား ဖြတ်သန်းသွားလာခွင့်ကိုလည်း တားမြစ်ထားသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။