စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာတစ်ရွာရှိ အရပ်သားနေအိမ်တချို့နှင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းက မုံရွာမြို့နယ်၊ ထနောင်းတော(မြောက်) ကျေးရွာထဲက နေအိမ်နှစ်လုံး၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၅ နာရီအချိန်က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ကင်းစောင့် နေသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
ထနောင်းတော (မြောက်) ရွာသားတစ်ဦးက “ပစ်ခံရတာတော့ ရွာမြောက်ဘက်မှာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ယောက်ပါ။ ဒီကောင် (စစ်သား) တွေက ရွာထဲဝင်လာတော့ သေနတ်တွေ ဆက်တိုက်ပစ်ပြီး ဝင်လာတာဗျ။ အဲ့လို ဝင်လာပြီး ရွာမြောက်ဘက်ခြမ်းမှာ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ကို ပစ်သတ်သွားတာ။ အခု ပစ်ခံရတဲ့တပ်ဖွဲ့ဝင်တွေက ကျုပ်တို့ရွာကတော့ မဟုတ်ဘူးဗျ” ဟု ပြောသည်။
စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်ခန့်ပါသည့် မအူဂိတ်ဘက်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် အနီးရှိ ထနောင်းတော (မြောက်) ကျေးရွာထဲသို့ ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ ပစ်သတ်သွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး အနက် ၁ ဦးမှာ ဦးခေါင်းကျည်ထိမှန် သေဆုံးသွားပြီး ကျန်နှစ်ဦးမှာမူ ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် “ရွာကထဲက ဆရာမ CDM လုပ်ထားတဲ့ ဆရာမပေါ့ဗျာ၊ ဒေါ်စန္ဒာဝင်း ဆရာမနာမည်က သူ့အိမ်ကိုလည်း မီးရှို့သွားတာဗျ။ အဲ့ဆရာမအိမ်ကတော့ ဘယ်သူမှ မနေပါဘူးဗျာ။ အဲ့ဒါ တစ်ယောက်ယောက်ကပြောလို့နေမှာပေါ့ မီးရှို့ခဲ့တာ။ ရွေးပြီးကို ရှို့သွားတာလို့ ပြောလို့ရတယ်။ ဆရာမအိမ်နားလေးက နောက်တစ်အိမ်လည်း မီးရှို့ခံလိုက်ရသေးတယ်” ဒေသခံရွာသားက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထနောင်းတော (မြောက်) ကျေးရွာထဲ ဝင်လာချိန်တွင် ရွာသားတချို့မှာ ဘေးလွတ်ရာကို ထွက်ပြေးသွားကြသော်လည်း တချို့မှာ ကျန်ရစ်ခဲ့ကြသည်။
ထိုသို့ကျန်ရစ်ခဲ့သူများထဲမှ တချို့ကို လူသားဒိုင်းကာ၊ ဓါးစာခံအဖြစ် အဆိုပါစစ်ကြောင်းက ၎င်းတို့ ရွာထဲမှ ထွက်သွားချိန် ဖမ်းဆီးသွားခဲ့ဟု ဆိုသည်။ ထို့နောက် မအူပင်ဂိတ်သို့ ပြန်ရောက်ချိန်တွင် အဆိုပါရွာသားများအား ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
သေဆုံးသွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး၏ အလောင်းများကို စစ်ကောင်စီတပ်သားများ ထွက်သွားချိန် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်သယ်ယူသွားပြီဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ထနောင်းတော (မြောက်) ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော် ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာလေ့ရှိသော ရွာလည်း ဖြစ်သည်။
အဆိုပါ ထနောင်းတော (မြောက်) ကျေးရွာ မီးရှို့ခံရမှုမှာ ၂ ကြိမ် ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်က တစ်ကြိမ်၊ ယခု ၂၀၂၄ ခုနှစ်တွင် တစ်ကြိမ် ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။
ထို့အပြင် ဇွန်လ ၈ ရက်နေ့တွင်လည်း မုံရွာမြို့နယ်၊ ညောင်ပင်တဲကျေးရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေး လုပ်နေချိန် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။
အလားတူ ဇွန်လ ၉ ရက်နေ့တွင်လည်း မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်ပါသော စစ်ကြောင်းက ဝင်ရောက်စီးနင်းချိန် အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦး အသတ်ခံခဲ့ရသေးသည်။
NMG ပေးပို့သည်။