ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ တိုကျိုရှိ မြန်မာသံရုံးအနီး စုဝေးပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာဦးရေ ၈၀၀ ကျော် ပါဝင်ခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် တိုကျို အပါအဝင် ဖုခုအိုကာ ၊ဟီရိုရှီးမား၊ အိုဆာကာ၊ နာဂိုယာ၊ ဟိုကိုင်းဒိုး၊ ကိုဘေး၊ နာဂါနိုနှင့် အိုခီနာဝ မြို့နယ် ကိုးမြို့နယ်တွင်လည်း တပြိုင်တည်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ငါးနှစ်က အခြေအနေအတိုင်းပါပဲ။ ကျွန်တော်တို့ ပြည်သူတွေက စစ်အုပ်စုကို အစဉ်တစိုက် ခုခံတော်လှန်ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီတိုင်းပြည်ကို တည်ဆောက်နေဆဲဖြစ်တယ်ဆိုတာကို သူတို့သိအောင် ဒီနေ့မှာ ဂျပန်နိုင်ငံက အင်အားစုတွေ အတူတကွ ပူးပေါင်းပါဝင်ပြသကြတာ ဖြစ်ပါတယ်။ ဂျပန်အစိုးရကိုလည်း ဆက်ပြီးတော့ ပြည်သူတွေရဲ့အသံကို ပေးပို့သွားမှာဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို စီစဉ်သူတဦးဖြစ်သည့် ကိုသန့်ဇော်ထက်က ပြောသည်။
အဆိုပါဆန္ဒပြပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ တရားမျှတမှုမရှိသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်အပါအဝင် တောင်းဆိုချက် ကိုးချက်ကိုလည်း တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
မဇ္ဈိမ