ဂန့်ဂေါတွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို စစ်ကောင်စီနှင့် ပျူစောထီး ပစ်ခတ်သတ်ဖြတ်

By MPM 12 ဇွန်, 2023 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးထားချိန်တွင် ပျူစောထီးများက အပြင်ခေါ်ထုတ်ပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ ဂန့်ဂေါရဲစခန်းမှာ ဖမ်းဆီးခံထားရသူ နှစ်ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရဲစခန်းအပြင်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံလိုက်ရသူများသည် နိုင်ငံရေးအမှုများဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ပြီး သူတို့အား လာရောက် ပစ်သတ်သူတွေထဲမှာ ပရီးမီးယားတူး ဘီယာဆိုင်ပိုင်ရှင် ဖိုးဇော်ဆိုသူလည်း ပါဝင်ခဲ့တယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေက အကျဉ်းသားနှစ်ဦးကို ဂန့်ဂေါမြို့နှင့် ပျားရွာကြားတွင် ပစ်သတ်ခဲ့တာဖြစ်ပြီး အသတ်ခံခဲ့ရသူတွေက ဇဟောရွာသားနဲ့ ဂန့်ဂေါမြို့ပေါ် ခင်သာရပ်ကွက်သားတစ်ဦးဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးထားတာ ၂ လကျော်နေပြီ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ယခုလို ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရဲစခန်း အချုပ်ကနေ ခေါ်ထုတ်သတ်ဖြတ်ဖူးသည့် ဖြစ်စဉ်များလည်း ရှိဖူးတယ်လို့ ထိုဒေသခံက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူ ၄ ထောင်နီးပါး သတ်ဖြတ်ခံထားရပြီး ယင်းတို့ထဲတွင် မကွေးတိုင်းဒေသခံ ၃၀၀ နီးပါး ပါဝင်ကြောင်း မှတ်တမ်းများအရ သိရသည်။

သံလွင်တိုင်းမ်-ပေးပို့သည်။