ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၉၀ ကျော် ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ် ကျော် ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၉၅ လုံး ထိခိုက် ပျက်စီးခဲ့သည်ဟု CHRO က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
“ဒီချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အုံတွေကို တမင်တကာ တိုက်ခိုက်တာက ကျွန်တော်တို့ ချင်းလူမျိုး တွေ IDPs ဆိုရင်တော့ ဘုရားကျောင်းမှာ နေတာတွေ များတယ်ဆိုတော့ ဒီလိုမျိုး ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်လာတယ် ဆိုတာကတော့ ပြည်သူလူထုကို တမင်တကာ တိုက်ခိုက်တာပဲဖြစ်တယ်” ဟု CHRO ၏ စီမံကိန်း မန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
ဒါ့အပြင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲက ဆေးရုံ၊ ဆေးခန်း အဆောက်အအုံ ၅ ခုနှင့် စာသင်ကျောင်း ၄ ခုတို့ ထိခိုက်ပျက်စီးကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် ဘာသာရေးအဆောက်အအုံ၊ ကျောင်းနှင့် ဆေးရုံများအပြင် အရပ်သားများနေထိုင်သော ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်ခြင်းဖြစ်သည်ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
“ဘုရားကျောင်း၊ နောက်ပြီးတော့ ဘာသာရေး အဆောက်အအုံတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့ ဆိုတာ ပြည်သူတွေ စုဝေးတဲ့နေရာပေါ့လေ၊ အဲ့ဒီစုဝေးတဲ့နေရာက ကျွန်တော်တို့ရဲ့ Geneva Convention အရက လုံးဝ ရှောင်ကျင်ရမယ့်ဟာပေါ့နော်။ တိုက်ခိုက်လို့ မရဘူး။ နိုင်ငံတကာ ဥပဒေတွေအရလည်း ဒီဘာသာရေး အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ပြီးရင်တော့ ဆေးရုံတွေကို ရှောင်ကျင်ရမယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုပေါ့လေ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါးကို စစ်အစိုးရက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ယင်းအနက် ချင်းပြည်နယ်သည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သုတေသနမှတ်တမ်းများ အရ သိရသည်။
KMG ပေးပို့သည်။