5 ဇွန် 2026 /

See today's Peace Related News

Homeသတင်းချင်းတွင် တပ် ၄ တပ်ပေါင်း၍ ချင်းပြည်သူ့တပ်မတော် ဖွဲ့စည်း

ချင်းတွင် တပ် ၄ တပ်ပေါင်း၍ ချင်းပြည်သူ့တပ်မတော် ဖွဲ့စည်း

ချင်းပြည်နယ် တောင်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေးကို ဦးဆောင်မှုပေးနိုင်ရန်အတွက် ကာကွယ်ရေးတပ် လေးဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ချင်းပြည်သူ့တပ်မတော် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ချင်းပြည်အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အဖြစ်ဖွဲ့စည်းကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့နယ် တော်လှန်ရေးဦးဆောင်ကော်မတီ၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF- Mindat)၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ (CDF – Matupi) တို့ CPU/CPA တွင် ပါဝင်သည်။

ထို့အပြင် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF – Kanpetlet) နှင့် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် (CDF – Daai) တို့ပါဝင်ပြီး ၂၀၂၅ခု နိုဝင်ဘာလ ၁၅ရက်နေ့ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“CPU/A လေးဖွဲ့ စုစည်းပြီး ဒေသတွင်း စစ်ရေးနိုင်ငံရေးဦးဆောင်မှုပေးဖို့ တသားထဲဖြစ်လာဖို့ စုစည်းပြီးမှ ဒီအဖွဲ့အနေနဲ့ တော်လှန်ရေးကို လုပ်ကိုင်သွားကြမှာဖြစ်ပါတယ်” ဟု CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က မဇ္ဈိမကိုပြောသည်။

ချင်းညီနောင်အဖွဲ့ဝင်အဖြစ် တက်ကြွစွာဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအပြင် ချင်းပြည်သူလူထု၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းများကို ဖော်ဆောင်နိုင်မည့် ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ စစ်ရေးနိုင်ငံရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်သွားမည်ဟုဆိုသည်။

ယခုကဲ့သို့ CPU/A ဖွဲ့စည်းခြင်းသည် ကွဲပြားခြင်းမဟုတ်ဘဲ ပိုမိုစည်းလုံးညီညွတ်ရန်လမ်းစဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မဇ္ဈိမကိုပြောသည်။

“ချင်းညီနောင်နဲ့ ကွဲတာမဟုတ်ပါဘူး။ စစ်ရေး၊ နိုင်ငံရေးမှာ အမိန့်တခုအောက် (one command) တလုံးတဝထဲသွားနိုင်ဖို့ရန်အတွက် လမ်းစ လှေခါးထစ်တထစ် တက်လိုက်တဲ့သဘောပါ” ဟု ၎င်း ဆိုသည်။

ယခင် ချင်းညီနောင်ပါ အဖွဲ့ခြောက်ဖွဲ့အနက် သုံးဖွဲ့မှာ ယခု CPU/A တွင် ဖွဲ့စည်းပါဝင်သဖြင့် ချင်းညီနောင်သည် အဖွဲ့အစည်းလေးဖွဲ့ဖြင့် ဖွဲ့စည်းသည့်သဘောဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ချင်းညီနောင် အဖွဲ့အတွင်းပါဝင်သောအဖွဲ့အစည်းများနှင့် မပါဝင်နိုင်သေးသော အဖွဲ့အစည်းများစုစည်းပြီး စစ်ရေး၊ နိုင်ငံရေးကို အမိန့်တခုအောက်တွင် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆလိုင်းတင်မီထွဋ်က ဆက်ပြောသည်။

ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ချင်းတပြည်လုံး လွတ်မြောက်ရေးအတွက် ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) စုပေါင်းပြီး စစ်အာဏာရှင်ကို တွန်းလှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သို့ရာတွင် တော်လှန်ရေးကာလအတွင်း အစုအဖွဲ့တချို့က စစ်ရေးထက် နိုင်ငံရေးအား ပိုမိုအားစိုက်လာသည့် အခြေအနေများကြောင့် ချင်းလက်နက်များအကြား ဝိဝါဒကွဲပြားမှုများဖြစ်ပေါ်ပြီး CJDC စုစည်းမှုပျက်ပြယ်ခဲ့ရသည်ဟုဆိုသည်။

ယင်းနောက် စစ်ရေး၊ နိုင်ငံရေးကို လက်တွေ့ကျကျ အကောင်ထည်ဖော်ဆောင်ရွက်ရန်အတွက် ချင်းညီနောင်ကို ဖွဲ့စည်းခဲ့ပြီး မဟာမိတ်များနှင့်လက်တွဲကာ ကျင်ဒွေးမြို့၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့နယ်တို့ကို စစ်ကော်မရှင် ကင်းစင်နယ်မြေဖြစ်စေရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်ဖော်ပြထားသည်။

မဇ္ဈိမ