စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲများနှင့် ပတ်သက်ပြီး အငြင်းပွားစရာရှိကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်တွင် မီဒီယာများကို ပြောသည်။
“တော်တော်များများမှာ အငြင်းပွားစရာတွေတော့ဖြစ်ခဲ့တာ အမှန်ပဲ။ ဘာကြောင့်လဲဆိုတော့ ကြိုတင်မဲနဲ့ပတ်သက်ရင် ဘယ်သူတွေဟာ ကြိုတင်မဲပေးခွင့်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တော်တော်များများ ကိုယ်စားလှယ်လောင်းတွေ မသိရဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။
ဉပဒေပြဋ္ဌာန်းထားခြင်းရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် ခရီးသွားမည်ဖြစ်ပြီး မဲမထည့်နိုင်သည့် အတွက်ကြောင့်ဟုဆိုကာ ကြိုတင်မဲပေးသည့် အရေအတွက် အလွန်များပြားကြောင်း၊ တချို့ဌာနဆိုင်ရာများက ဝန်ထမ်းများအကုန်လုံးကို ကြိုတင်မဲစာရင်းသွင်းမှုများလည်း တွေ့ရကြောင်းလည်း ဆိုသည်။
“မဲရေတွက်တဲ့အခါကျရင်တော့ ပုံစံ ၁၃ (က) မှာ ကြိုတင်မဲဦးရေ ဘယ်လောက်ရှိတယ်။ မဲပုံးထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့ တိုက်ဆိုင်ပြီးတော့ စစ်ဆေးလို့ရတယ်။ သို့သော်ကြိုတင်မဲအရေအတွက်ပမာဏ အဲ့ဒီလောက်ဖြစ်လာတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မသိရဘူး” ဟု သူကပြောသည်။
ဦးကိုကိုကြီးသည် ယနေ့ (ဇန်နဝါရီ ၂၅) ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ပြည်သူ့ပါတီက အမျိုးသားလွတ်တော်တွင် တနေရာ၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ခုနစ်နေရာ၊ စုစုပေါင်း ရှစ်နေရာ အနိုင်ရထားကြောင်းလည်း ဦးကိုကိုကြီးက ပြောသည်။
အဆိုပါ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က နေရာအများစုတွင် အနိုင်ရထားသည်။
ရွေးကောက်ပွဲတွင် ကြိုတင်မဲနှင့် မဲစာရင်းပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း ပြည်သူ့ပါတီအပါအဝင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောဆိုထားပြီး စစ်ကော်မရှင်ကမူ ကြိုတင်မဲပေးခြင်းနှင့် ကြိုတင်ဆန္ဒမဲများ ရေတွက်ခြင်း၊ မဲစာရင်းများ ပြုစုခြင်းနှင့် ကပ်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာနှင့် တိကျမှန်ကန်စွာဆောင်ရွက်ခဲ့သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် မြို့နယ် ၂၆၃ မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၄,၀၀၀ ကျော်ကို ချန်လှပ်ကျင်းပမည်ဖြစ်သည်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ တွင် ရွေးကောက်ပွဲမလုပ်နိုင်သည့်မြို့နယ်မှာလည်း ၆၇ မြို့နယ်အထိရှိသည်။
မဇ္ဈိမ