တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် အပါအဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ထံက သိရသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့ တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲ့တိုင်ကျေးရွာ၊ ယမုံရွာနှင့် ယမုံမြစ်ဝတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် များက ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံ၏ ပြောပြချက်အရ မတ် ၂၆ ရက်နေ့ ညပိုင်းကတည်းက တော်လှန်ရေးအင်အားစုများက စစ်ကောင်စီနှင့် ပျူစောထီးများ တပ်စွဲထားသည့် နေရာများကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်သည်ဟု ဆိုသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ကြိမ်အတွင်း ပျူစောထီးခေါင်းဆောင် အပါအဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
စစ်ကောင်စီနှင့် ပျူစောထီပူးပေါင်းတပ် တိုက်ခိုက်ခံရခြင်းကြောင့် ယနေ့အချိန်ထိ စစ်ကောင်စီတပ်က အင်အား ၇၀ ဝန်းကျင်နှင့် မောင်းလှော်ကျေးရွာဘက်ကို အင်အားဖြည့်တင်းထားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း (၂) တွင် တနင်္သာရီ ပကဖ၊ မြိတ်ခရိုင်တပ်ရင်း- ၂ ၊ တပ်ခွဲ (၂)၊ ကျွန်းစုပကဖ၊ ပုလောပကဖ၊ တနင်္သာရီ တောဗုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖ လုံခြုံ ရေးအဖွဲ့နှင့် ဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။