ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်၊ ပဲသောင်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်သဖြင့် အသက်၁၀ နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ပဲသောင်ရွာရှိ ကိုယ်ထူကိုယ်ထ ပညာသင်ကြားပေးရာ နေအိမ်တစ်အိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာတွင် စာသင်ယူနေသော ကျောင်းသားလေး၂ ဦး သေဆုံးခဲ့သလို ကျောင်းသားမိခင် အမျိုးသမီးတစ်ဦးနှင့် အခြားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်ကြီးဒေသခံတစ်ဦးက ပြောသည်။
“ကလေးတွေ ပညာရေးနဲ့ မဝေးအောင်လို့ ကြားကာလပညာရေးပေါ့၊ ကိုယ်ထူကိုယ်ထ စာသင်ပေးနေတဲ့ အိမ်ပေါ်ကို စာသင်နေတုန်း လက်နက်ကြီးကျတာ။ ကလေးနှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ၊ သေသွားတဲ့ ကလေးရဲ့အမေနဲ့ နောက်ကလေးတစ်ယောက်ကတော့ ဒဏ်ရာရတယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အဆိုပါ ပဲသောင်ကျေးရွာတွင် ကရင်နှင့် ဗမာလူမျိုးများ ရောနှောနေထိုင် ကြပြီး ၎င်းရွာအပါအဝင် ကမ်းအရှေ့ဘက်ရှိ ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွေ့ပြောင်းစစ်ရှောင်နေထိုင်ရသည့်အတွက် ဘဝရပ်တည်ရေး အာမခံချက်မရှိ ဖြစ်လာပြီး လုံခြုံမှုကင်းမဲ့နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “မနက်ကလည်း မက်မရမ်းမှာ လက်နက်ကြီး ကျသေးတယ်။ ပဲသောင်ဘက် ပြီးတော့ မက်မရမ်းဘက် ကျတာလည်း ဟိုးမနက်အစောကြီး ပစ်တာ။ လေယာဉ်ကလည်း ဒီရက်ပိုင်း လာ လာ ဝဲတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကေအဲန်ယူနယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးအလုံး ၃၀၀ နီးပါး ပစ်ခတ်ခဲ့မှုကြောင့် အသက် ၁၈ နှစ်နှင့် ၁၂ နှစ် အရွယ် ကျောင်းသားနှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ ဩဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ကေအဲန်ယူ ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီ၏ လေကြောင်းရော မြေပြင်မှပါ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ ပျက်စီးသည့်အပြင် ကျောင်းနေအရွယ်ကလေးများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးခြင်း၊ စစ်ဘေးတိမ်းရှောင် နေထိုင်ရခြင်းကြောင့် ကလေးများ ပညာသင်ယူခွင့် ဆုံးရှုံးရခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့က ပြောဆိုခဲ့သည်။
ကေအိုင်စီ ပေးပို့သည်။