ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် မွန်ပြည်နယ်တွင် စက်သုံးဆီများ စတင်ပြတ်လပ်လာ

By MPM 14 မေ, 2024 👁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာအနီးရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရပြီဟု ဒေသခံများနှင့် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ အဆိုပါကျုံအိတ်တံတားသည် မေ ၁၁ ရက်နေ့ မနက်စောပိုင်း ၂ နာရီခန့်၌ မိုင်းထောင်ဖောက်ခွဲ ခံရတာကြောင့် ကွန်ကရစ်တံတားဟောင်းနှင့် အသစ်ပြန်တည်ဆောက်ထားသည့် ဘေလီတံတား နှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သည်။

တံတားပြိုကျပျက်စီးသွားသည့်အတွက် ကားကြီး၊ ကားငယ်များအပါအဝင် ဆိုင်ကယ်အဆုံး ဖြတ်သန်းသွားလာလို့ မရတော့ကြောင်းနှင့် ကားငယ်တချို့သည် ကျေးရွာချင်းဆက် လမ်းပိုင်းကနေ သွားလာတာရှိသော်လည်း ခရီးသည်တင်ကားကြီးများ၊ ကုန်တင်ကားများနှင့် ဆီတင်ယာဉ်များ စသည့် ကားကြီးများ ဖြတ်သန်းသွားလာလို့မရတာကြောင့် ရပ်တန့်နေသည်ဟု ဒေသခံခရီးသွားများက ပြောသည်။

ထိုသို့ ကုန်တင်ကားကြီးများ အပါအဝင် စက်သုံးဆီ တင်ဆောင်သည့်ကားများ ဝင်ရောက်မှုမရှိတဲ့တော့သည့် အတွက် မွန်ပြည်နယ်အတွင်းက မော်လမြိုင်မြို့ အပါအဝင် မြို့နယ် ၇ မြို့နယ် ထက်မနည်း စက်သုံးဆီ ပြတ်လပ်မှုကို စတင် ကြုံတွေ့လာနေသည်ဟု ဆိုသည်။

မော်လမြိုင်မြို့ခံတစ်ဦးက “ဆီကတော့ မြို့ထဲမှာဆိုလို့ရှိရင် ခြောက်ဆိုင်မှာဆိုရင် တစ်ဆိုင်လောက်တော့ ရတယ်။ တန်းစီရတာ များတယ်။ ဆိုင်တိုင်း မရှိဘူး။ ဆီကတော့ အခက်အခဲဖြစ်တာပေါ့။ လမ်းကြောင်း အခြေအနေပိတ်တဲ့အတွက်၊ အဲဒီတော့ တခါတလေကျရင်လည်း မဖြစ်မနေလုံးဝမရှိတော့လို့ မဖြစ်မနေ ထည့်ရတော့မယ် ဆိုလို့ရှိရင်လည်း လမ်းဘေးမှာ တစ်ဗူးကို ၇၀၀၀ ရောင်းရင်လည်း ထည့်ရမှာပဲ။ ၈၀၀၀ ရောင်းရင်လည်း ထည့်ရမှာပဲ။ ပြောမယ်ဆိုရင် ဆီက လုံးဝကျပ်တည်းသွားပြီ” ဟု ဆိုသည်။

စက်သုံးဆီ တန်းစီဝယ်ယူရာတွင်လည်း အနည်းဆုံး နာရီဝက်ခန့် စောင့်ဆိုင်းဝယ်ယူနေရတာကြောင့် အလုပ်အတွက် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်နေရသလို စက်သုံးဆီကားများ ရက်ရှည်မဝင်ရောက်လာပါက စက်သုံးဆီရှားပါးမှု ဆိုးဆိုးရွားရွား ဖြစ်လာနိုင်သည်ဟု အဆိုပါမော်လမြိုင်မြို့ခံက ဆက်ပြောသည်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း စက်သုံးဆီကားများ ဝင်ရောက်လာနိုင်မည့် ဖြတ်လမ်း မရှိသည့်အတွက် စက်သုံးဆီ ပြတ်တောက်မှာဖြစ်သလို ထိုင်းဘက်ခြမ်းကနေ စက်သုံးဆီ တင်သွင်းလို့ရရှိပေမယ့် ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်သည်ဟု ပြောဆိုသည်။

“တစ်ပတ်လောက် ဆိုလို့ရှိရင်တော့ ဆီကတော့ ပြတ်မှာပဲ။ ဟိုတုန်းက ကျိုက်ကော်အနားကဖြစ်တဲ့ တံတားကြတော့ ရွာချင်းဆက်လမ်းကနေ ဖြတ်သွားလို့တော့ ရတယ်။ အခု ဒီနေရာကြတော့ ဖြတ်လမ်းက မရှိဘူး ဖြစ်နေတယ်။ ပြတ်တာကတော့ ဈေးတက်တာပဲပေါ့လေ။ တကယ်လို့ ဒီမှာဆီပြတ်မယ် ဆိုလို့ရှိရင်တော့ ထိုင်းကနေ သူတို့သွင်းမှာပေါ့နော်။ ထိုင်းကနေ သွင်းတာကတော့ သွင်းလို့ရတယ်။ ဈေးတော့ နည်းနည်းထပ် မြင့်သွားဦးမှာပေါ့” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီ ယခင်လို ပြန်လည်ဝင်ရောက်လာနိုင်ရန်အတွက် တံတားပြန်လည်တည်ဆောက်နိုင်သည့် အခြေအနေပေါ် မူတည်နေပြီး တံတားတည်ဆောက်မှု နှေးကွေးပါက စက်သုံးဆီရှားပါးမှုဒဏ်ကို ပိုမိုခံရမှာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က မေ ၁၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ပြီး ဘေလီတံတားအသစ် အမြန်ဆုံးတည်ဆောက်ရန် ဆောက်လုပ်ရေးဌာနနှင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီကို ညွှန်ကြားထားသော်လည်း တံတားပြီးစီးမည့်အချိန် အတိအကျကို မသိရှိရသေးပေ။

အဆိုပါကျုံအိတ်တံတားသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်နေ့တွင် KNLA ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့တာကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့သည့်အတွက် စက်သုံးဆီအပါအဝင် ကုန်စည်းစီးဆင်းမှု ၃ ရက် ထက်မနည်း ရပ်တန့်ခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။