ကျိုက်မရောမြို့နယ် ပျားတောင်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ် ကြိုးပမ်းလာ

By MPM 30 အောက်တိုဘာ, 2025 👁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့ကစလို့ ပျားတောင်ဒေသဖြစ်တဲ့ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ကွမ်ငန်း၊ မယ်ကရိုနဲ့ကတုံစိကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ဒေသခံလူငယ်တွေအပါအဝင် ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ လမ်းတစ်လျှောက်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားယာဉ်တွေ၊ ဥယျာဉ်ခြံတွေနဲ့မသင်္ကာတဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိမှာတော့ ပျားတောင်ဒေသရှိ MCL ဘိလပ်မြေစက်ရုံအတွင်း ဝင်ရောက်တပ်စွဲထားပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ ရွေးကောက်ပွဲမတိုင်မီ ပျားတောင်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်