ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍ မြန်မာ့အရေး ဆွေးနွေး

By MPM 16 ဖေ‌ဖော်ဝါရီ, 2026 👁 3

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် “ပါလီမန်များနှင့် ကုလသမဂ္ဂ – ပြည်သူ့အတွက် ပိုမိုကောင်းမွန်စွာ အတူတကွ ဆောင်ရွက်ခြင်း” အမည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း CRPH က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင် တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ကတိကဝတ်နှင့် လက်တွေ့ကွာဟချက်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် ပထမနေ့တွင် CRPH ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်မြမျိုးအေးက နိုင်ငံတကာဥပဒေ ချိုးဖောက်သူများကို တာဝန်ခံမှုရှိအောင် မဆောင်ရွက်နိုင်ခြင်းသည် ကုလသမဂ္ဂအပေါ် ယုံကြည်မှု ကျဆင်းစေကြောင်း ထောက်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး ငါးနှစ်အကြာ၌ လူဦးရေ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး လေးသန်းနီးပါး နေရပ်စွန့်ခွာနေရသည့် အခြေအနေကို တင်ပြခဲ့ကာ အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိဘဲ ရေရှည်ငြိမ်းချမ်းရေး မရနိုင်ကြောင်း အလေးထား ပြောကြားသည်။

ဒီမိုကရေစီကို အတွင်းမှ ကာကွယ်ခြင်းနှင့် တရားဝင်မှုနှင့်လည်းပတ်သက်ပြီး CRPH ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်မြတ်သီတာထွန်းက ဒုတိယနေ့တွင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီသည် တဖြည်းဖြည်း ယုတ်လျော့သွားခြင်းမျိုး မဟုတ်ဘဲ တိုက်ရိုက် အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် “တရားဝင်မှု ဆိုသည်မှာ အဆောက်အအုံပေါ်တွင် မဟုတ်ဘဲ ပြည်သူ့ဆန္ဒပေါ်တွင်သာ အခြေခံသည်” ဟု ရှင်းလင်းပြောဆိုပြီး လွှတ်တော်သည် ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ သိမ်းပိုက်ခံရသော်လည်း ပျက်သုဉ်းမသွားဘဲ ပြည်သူ့ကိုယ်စားပြုမှုကို ဆက်လက်ထိန်းသိမ်းထားကြောင်း ဒေါ်မြတ်သီတာထွန်းက တင်ပြသည်။

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စစ်ကော်မရှင်က ၎င်းတို့၏ တရားဝင်မှုကို ရရှိရန် ကြိုးပမ်းနေသည့် “အတုအယောင် ရွေးကောက်ပွဲ” သည် စိန်ခေါ်မှုအသစ်ဖြစ်ပြီး စစ်မှန်သော ကိုယ်စားပြုမှုမရှိသည့် ရွေးကောက်ပွဲများအောက်တွင် ဒီမိုကရေစီ အလုပ်မဖြစ်နိုင်ကြောင်း CRPH ကိုယ်စားလှယ်များက ထောက်ပြထားသည်။

ထို့အပြင် အာဏာသိမ်းသူများကို ပြည်သူက ရွေးချယ်ထားသူများနှင့် တန်းတူဆက်ဆံခြင်းသည် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီစံနှုန်းများကို အားနည်းစေမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သတိပေးခဲ့သည်။

ထိုကြားနာပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ H.E. Ms. Annalena Baerbock တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မဇ္ဈိမ