ကသာ ကမ်းနားကျေးရွာများ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ

By MPM 24 ဖေ‌ဖော်ဝါရီ, 2026 👁 3

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကလုံကျေးရွာနဲ့ သာဂရကျေးရွာတစ်ဝှိုက်ကို စစ်ကော်မရှင်က တိုက်ပွဲတစ်စုံတစ်ရာမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ အဲ့ဒီဒေသက ဒေသခံတွေ ထိတ်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကလုံနဲ့သာဂရကျေးရွာတစ်ဝှိုက်ကိုပဲ ဖေဖော်ဝါရီလ ၂၃ရက်၊ ညနေပိုင်း ၃ နာရီလောက်မှာ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ‌ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အဲ့ဒီဒေသကဒေသခံတွေ စပါးစိုက်ပျိုးတဲ့အခင်းတွေ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး အရပ်သားတွေတော့ တစ်စုံတစ်ရာထိခိုက်တာမရှိပေမဲ့ စပါးခင်းတွေကတော့ ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ကတော့ အရင်းဆုံးဟက်စကီးနှစ်စီးတက်ခဲ့တာကို ဂျက်ဖိုက်တာက ရံပြီးလိုက်ခဲ့တာ။ ရက်ရက်စက်စက်ကို ကြဲတာ။ မနေ့(ဖေဖော်ဝါရီ ၂၂ ရက်) တုန်းက ကြဲခဲ့တဲ့နေရာကိုပဲ။ အဲ့နားလေး ပတ်ပတ်လည်ပဲ။ အရပ်သားတွေပဲရှိတာ။ ဘာလို့မှန်းမသိဘူး။ အဲ့တစ်ဝှိုက်က ကေအိုင်အေရော ကာကွယ်ရေးတပ်တွေရော မရှိဘူး။ ဘာဂိတ်မှလည်း မရှိဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိ စစ်ရေးပစ်မှတ်လည်းမရှိဘဲ အခုလို နှစ်ရက်ဆက်တိုက်တစ်နေရာတည်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လက်ရှိမှာ သာဂရ၊ ကလုံ အပါအဝင် အဲ့ဒီဒေသတစ်ဝှိုက်က ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့် နေကြရတာပါ။

ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့သိမ်းတိုက်ပွဲအဖြစ်ဆင်နွှဲခဲ့ပေမဲ့ တစ်လကျော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ပထမအပတ်ကစလို့ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။

“မနေ့ကကြဲတာတော့ဒီလောက်အသံမကျယ်ဘူးရယ်။ ကျနော်တို့လည်းတော်တော်လန့်နေပြီ။ ကြဲခံထားရတဲ့နေရာတွေကတော့ လယ်ထွန်ထားသလိုဘဲ။ ကျနော်တို့ကလည်း ဗုံးခိုကျင်းထဲမှာဆိုတော့ အခုကြဲတာကတော့ ဘယ်လိုဖြစ်မလဲမသိသေးဘူး” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားလေဆိပ်ကို KIA နဲ့ PDF တွေကတိုက်ခိုက်ခဲ့လို့ Myanmar National Airline က ခရီးသည်လေယာဥ် ပျက်ဆီးခဲ့ရတယ်လို့ စွပ်စွဲထားသလို ပြင်းထန်တဲ့တုံ့ပြန်မှုလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထွက်ပြီးတဲ့နောက်မှာတော့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကတော့ ကလုံ၊ သာဂရကျေးရွာတို့နဲ့ တစ်ဆက်တည်းမှာဘဲတည်ရှိတဲ့ ကျောက်ပုံရွာက ကာကွယ်ရေးတပ်တွေရဲ့ဂိတ်ကိုလည်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ကျောက်ပုံကျေးရွာက ကာကွယ်ရေးတပ်ဂိတ် လေကြောင်းတိုက်ခိုက်ခံခဲ့ရချိန် သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦးတချို့ပျက်ဆီးတာတွေတော့ ရှိခဲ့တယ်လို့ သိရပါတယ်။

KNG