ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်မြို့ ဒေသခံများ အကူအညီလိုအပ်နေ

By MPM 8 ဇူလိုင်, 2026 👁 56

စစ်ရေးအခြေအနေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာကြသော ခမ်းပတ်၊ ကနန်ဘက်ဘက် ကပြည်သူများသည် ယခုရက်ပိုင်းအတွင်း ဖျားနာသူများပြီး အကူအညီများ လိုအပ်နေကြသည်ဟု စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးကော်မတီထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၇) ရက်ကစ၍ အာဏာသိမ်းစစ်တပ်က ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်ခဲ့သောကြောင့် ခမ်းပတ်မြို့အပါအဝင် အနီးအနားကျေးရွာ (၅၀) နီးပါးကပြည်သူများသည် အိန္ဒိယနယ်စပ်ဘက်နှင့် ကလေးမြို့ဒေသဘက်ကို စစ်ဘေးတိမ်းရှောင်နေကြသည်မှာ တစ်လကျော်ရှိလာပြီဖြစ်သည်။

မိုးတွင်းကာလရောက်လာသည်နှင့်အမျှ ရာသီဥတုအပြောင်းအလဲများကြောင့် စစ်ဘေးရှောင်ပြည်သူများ ဖျားနာသူအများအပြားရှိနေပြီး တပူပေါ်နှစ်ပူဆင့်ဆိုသလို အခက်အခဲများရင်ဆိုင်နေကြရသည်ဟု ခမ်းပတ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

“အခု စစ် ဘေးရှောင်တွေက မိုးရာသီလည်းရောက်တော့ နေမကောင်းဖြစ်တဲ့သူတော်တော်လေးကိုများတယ်၊ ကျွန်တော် သိသလောက်တောင်မှ ဆေးရုံတက်တဲ့သူတွေများတယ်၊ နောက်ပြီး ဆေးခန်းပြတဲ့ သူတွေထားလိုက်အုံး ပြည်သူ့ဆေးရုံ၊ ဝယ်စလီတွေမှာ ဆေးရုံအိပ်တဲ့သူတွေက ၁၀ ယောက်ကျော်တယ်။ ခမ်းပတ်က နည်းနည်း တောင်ပေါ်နဲ့နီးတော့ အေးတယ်၊ ဒီကလေးမြို့ထက်တော့ ရာသီဥတုက အရမ်း ကွာတယ်။ ရာသီဥတု မတည့်တာလည်းရှိကောင်းရှိမယ်၊ မိုးတွင်းလည်းရောက်တော့ နေမကောင်းတဲ့သူတွေများတယ် ဆေးဝါးတွေလိုတယ်” ဟု ၎င်းကပြောသည်။

ခမ်းပတ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးကော်မတီအဖွဲ့၏ စာရင်းအရ ကလေးမြို့ ပေါ်မှာ ခမ်းပတ်ဘက်ကစစ်ဘေးရှောင် အိမ်ထောင်စု (၁၃၀) ခန့်နှင့် လူဦးရေ (၄၆၀) ဝန်းကျင်သာ စာရင်းရရှိထားသော်လည်း မြို့ပေါ်တွင် ယခုထက် စစ်ဘေးရှောင်လူဦးရေ ပိုများသည်ဟု သိရသည်။

စစ်ဘေးရှောင်အများစုသည် အသင်းတော်များမှ စီစဉ်ပေးသည့်နေရာတွင် နေထိုင်သူများရှိသကဲ့သို့၊ ဆွေမျိုးထံနှင့် အိမ်ငှါးနေထိုင်ကြသူများလည်းရှိသည်ဟု သိရသည်။

ကလေးမြို့ပေါ်မှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အိမ်ငှားရမ်းခ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအခက်အခဲနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေကြရကြောင်းသိရသည်။

“စားဝတ်နေရေးနဲ့ ခြင်ထောင်က အဓိကပြဿနာဖြစ်မယ်။ အသင်းတော်ဖက်ကနေတော့ ပံ့ပိုးတာတော့ရှိတယ်။ စားဝတ်နေရေးအတွက် ဆန်ဝယ်ဖို့၊ ဟင်းသီးဟင်းရွက်ဝယ်ဖို့ အဲ့လောက်ထိတော့ မပံ့ပိုးနိုင်ဘူး။ အိမ်ငှားခတွေက အိမ်ပေါ်မှာမူတည်တယ် ၃ သိန်းနဲ့ ငှားတာရှိတယ် အစားစားပေါ့။ အိမ်ငှားဖို့ခက်တဲ့သူတွေက ၃၊ ၄ မိသားစုလောက် စုပေါင်းပြီး ငှားကြတယ်” ဟု စစ်ဘေးရှောင်ကူညီရေးတာဝန်ခံကပြောသည်။

အလားတူ အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင်များလည်း မိုးတွင်းကာလရောက်လာသည့်အတွက် အမိုးအကာ၊ ခြင်ထောင်၊ ဆေးဝါးနှင့် အစားအသောက်များလည်း အကူအညီလိုအပ်နေကြကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ အမှတ် ၁ နယ်စပ်ကုန်သွယ်ရေး ကလေး–တမူး လမ်းမပေါ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ထားသော်လည်း မြေပြင်မှာ တိုက်ပွဲများဆက်ရှိနေဆဲဟု သိရသည်။

KMG