ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

By MPM 3 ဒီဇင်ဘာ, 2023 👁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု လူထုအကြား စိုးရိမ်မှု မြင့်တက်လာနေသောကြောင့် ကလေးမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူတချို့မှာ ကျေးရွာများဘက်သို့ စစ်ဘေးတိမ်းရှောင်သူ ပိုများလာသည်ဟု သိရသည်။

ကလေးမြို့ခံတစ်ဦးက “ဒီဇင်ဘာ (၁၅) နေ့မတိုင်ခင် ထွက်ရမယ်လို့ပြောကြတာနဲ့ အိမ်နားက စစ်ဘေးလာရှောင်သူတွေလည်း သူတို့ရွာဘက်မှာ နည်းနည်းအဆင်ပြေလာပြီး၊ ဒီမြို့တွင်းမှာလည်း ဆိုးလာမယ်ဆိုပြီး ပြန်ကြတယ်။ နောက်ပြီး တချို့တွေဆိုရင်လည်း အထုတ်အပိုးနဲ့ ကျေးရွာဘက်ကို သွားကြတယ်” ဟု ပြောသည်။

ကလေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တင်လာတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာ ယူထားသည့် နေရာအနီး၊ စကစတပ်ရင်း၊ တပ်စခန်းများ၊ စကစဂိတ်များ၊ ရဲစခန်းများ အပါအဝင် ပျူစောထီးကျေးရွာ အနီးတို့တွင် နေထိုင်သည့်ပြည်သူများ ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် အမြန်ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ထုတ်ပြန်ပြီးသည့်အချိန်ကစ၍ ကလေးမြို့ပေါ်တွင်နေထိုင်ကြသော ပြည်သူအများစုမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်မှု ပိုမိုမြင့်တက်လာနေပြီး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သူများသာမက မြို့တွင်းနေထိုင်သူများသည် ကျေးရွာဘက်သို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ကလေးမြို့ထဲသို့ ကျေးရွာများဘက်မှ စစ်ဘေးရှောင်လာကြသူများမှာလည်း မိမိတို့ကျေးရွာဘက်သို့ ပြန်လည်အခြေချနေထိုင်သူ များလာကြောင်း သိရသည်။

တာဟန်းရပ်ကွက်၊ မူးယစ်ရုံး အနီးတွင်နေထိုင်သူပြည်သူတစ်ဦးက “သူတို့တပ်စွဲထားတဲ့နေရာနဲ့ ကိုက် (၅၀၀) လောက်မှာ ရှောင်ပါလို့ ပြောတယ်။ အိမ်က သူတို့တပ်စွဲတဲ့နေရာနဲ့ အရမ်းနီးတာဆိုတော့ ကျမတို့တော့ ရှောင်ရမယ်။ အိမ်ဘေးကတွေလည်း ရှောင်ကုန်ပြီ” ဟု ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ပါက နေအိမ်များ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

KMG ပေးပို့သည်။